ထီးလင်း ၁၈ ဇူလိုင်
၂၀၂၀ ပြည့်နှစ် ဇူလိုင် ၁၉ ရက်နေ့တွင် ကျရောက်မည့် (၇၃)နှစ်မြောက်အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက ထုတ်ဝေသည့် အာဇာနည်နေ့ အမှတ်တရ စာအုပ်များကို ယနေ့နံနက်ပိုင်းက လူစည်ကားရာနေရာများတွင် အခမဲ့ဖြန့်ဝေခဲ့သည်။
အဆိုပါစာအုပ်တွင် အများပြည်သူတို့အား အာဇာနည်ပုဂ္ဂိုလ်ကြီးများ၏ အကြောင်း အရာများ၊ ဇူလိုင် ၁၃ ရက်နေ့ ၁၉၄၇ ခုနှစ်တွင် ရန်ကုန်မြို့ မြို့တော်ခန်းမ တိုင်းပြုပြည်ပြု လွှတ်တော် အစည်းအဝေး၌ နောက်ဆုံးပြောကြားသော ဖဆပလ ဥက္ကဋ္ဌ ဦးအောင်ဆန်း၏ မိန့်ခွန်းကောက်နုတ်ချက်၊ ဗိုလ်ချုပ်အောင်ဆန်း၏ ဇနီးဒေါ်ခင်ကြည်၏ အမှာစကား၊ ဂန္ဒီမြင်သော ဂျင်နရယ်အောင်ဆန်း၊ အာဇာနည်ခေါင်းဆောင်များကျဆုံးပြီး ထုတ်လွှင့်သည့် သခင်နုမိန့်ခွန်း၊ ဆရာဇော်ဂျီ၊ ဆရာတင်မိုးတို့၏ ကဗျာများစသည်တို့ဖြင့် ဝေဝေဆာဆာ ဖော်ပြထားသည်။
(၇၃)နှစ်မြောက် အာဇာနည်နေ့အမှတ်တရ စာအုပ်များကို အခြေခံပညာအထက်တန်းကျောင်း၊ ကားဂိတ်နှင့် ထီးလင်းမြို့နယ်အတွင်းရှိ နိုင်ငံရေးပါတီများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဌာနဆိုင်ရာများအား အခမဲ့ဖြန့်ဝေခဲ့သည်။
အေလေးငယ်


