ထီးလင်း၊ ၂၃ ဒီဇင်ဘာ
မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ်တွင် တစ်နိုင်တစ်ပိုင် စီးပွားဖြစ် နဂါးမောက်ခြံ စိုက်ပျိုးလုပ်ကိုင်သူ များပြားလျက်ရှိကြောင်း သိရသည်။
“ကျွန်တော်တို့က နဂါးမောက်ကို စိုက်ပျိုးတဲ့နေရာမှာ သစ်၊ ဝါးတွေကို အသုံးပြုပြီးတော့ နဂါးမောက် စိုက်မယ့်တိုင်တွေကို တစ်တိုင်နဲ့ တစ်တိုင် ၅ ပေ၊ ၆ ပေခန့် ခြားပြီးစိုက်ပါတယ်။ တစ်တိုင်မှာ နဂါးမောက် ပျိုးပင် ၂ ပင်ကနေ ၃ ပင် အထိ စိုက်ထားပါတယ်။ နဂါးမောက်ပျိုးပင်တွေကိုတော့ အခြား မြို့နယ်တွေကနေ မှာပြီးဝယ်ယူထားတာပါ။ စိုက်တာကတော့ နဂါးမောက်အဖြူနဲ့ အနီ နှစ်မျိုး စိုက်ထား ပါတယ်။ စိုက်ထားတဲ့ ပျိုးပင်အားလုံးက ၂၈၈ ပင် ရှိပါတယ်” ဟူ၍ ထီးလင်းမြို့နယ် သရခါကျေးရွာမှ နဂါးမောက် စိုက်ပျိုးသူ တောင်သူတစ်ဦးက ပြောပြသည်။
နဂါးမောက်သည် အပင်ခြေရင်းတွင် ရေဝပ်၊ ရေအိုင်ခြင်းမျိုးကို မနှစ်သက်သော်လည်း ရေကို ပုံမှန် လောင်းပေးရန် လိုအပ်လျက်ရှိပြီး စတင်စိုက်ပျိုးသည့်အချိန်မှ တစ်နှစ်ခန့်အကြာတွင် အသီးများ ဆွတ်ခူးရောင်းချနိုင်ကြောင်း သိရသည်။
အောင်စည်(ပြန်/ဆက်)


