ကော့ကရိတ် ဇူလိုင် ၂၉
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ်၌ ဇူလိုင် ၂၈ ရက် နံနက် ၈ နာရီအချိန်က မိုးအဆက်မပြတ်ရွာသွန်းမှုနှင့် တောင်ကျချောင်းရေများ စီးဆင်းလာမှုကြောင့် ထီလုံ-တာပေါင်-ပတ-နဘူး- ကော့ကရိတ် (တံတားကျိုးလမ်း)ပိုင်း၌ လမ်းတံတားများ ရေကျော်ပြီး ပျက်စီးခဲ့သည့်အတွက် ဆက်သွယ်သွားလာမှု ပြတ်တောက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ နဘူး-ပတလမ်းပိုင်း၏ ကီလိုမီတာ (၅၄)နှင့် (၅၄.၅)အကြားအရှိ သစ်သားတံတား အရှည်(၂၅)ပေခန့်ပေါ်သို့ (၂)ပေခန့် ရေကျော်ခြင်းနှင့် တံတားချဉ်းကပ်လမ်း အရှည် ပေ ၄၀၊ အမြင့် ၁၂ပေခန့် ရေတိုက်စား၍ လမ်းတာဘောင်များ ပျက်စီးခဲ့သည့်အတွက် ဆက်သွယ်သွားလာမှု ပြတ်တောက်လျက်ရှိသည်။ အလားတူ နဘူး-ပတ လမ်းပိုင်း၏ ကီလိုမီတာ (၆၆.၅)နှင့် (၆၇.၅)အကြားရှိ နံဘူးတံတားအရှည် ပေ (၁၅၀)ခန့်အနီး တံတားချဉ်းကပ်လမ်း ပေ ၃၀၀ခန့် လမ်းပေါ်သို့ (၅)ပေခန့် ရေကျော်လျက်ရှိကြောင်းနှင့် ကီလိုမီတာ (၆၉.၅)နှင့် (၇၀.၅)အကြားရှိ နန်းကော်တေး-နဘူးကျေးရွာအကြား အရှည် ပေ ၆၀ ရှိ သံကူကွန်ကရစ်တံတားမှာ ကမ်းကပ် ခုံပျက်စီးခြင်း၊ (A1 နှင့် P1)ပေ (၂၀)အခန်းဖွင့် နိမ့်ကျပျက်စီးခြင်းနှင့် တံတားချဉ်းကပ်လမ်း ၆ပေခန့် ရေတိုက်စား၍ ပျက်စီးခဲ့သည့်အတွက် မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်များ ဖြတ်သန်းသွားလာ၍ မရတော့ကြောင်း သိရသည်။
ထီလုံ-တာပေါင်-ပတ-နဘူး-ကော့ကရိတ် (တံတားကျိုးလမ်း) ပိုင်းရှိ လမ်းတံတားမျာ းရေကျော်ပြီး ပျက်စီးနေမှု အခြေအနေများအား ကော့ကရိတ်မြို့နယ် လမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမိုးကျော်နှင့် ဝန်ထမ်းများက သွားရောက် ကွင်းဆင်းကြည့်ရှုခဲ့ပြီး ရေပြန်ကျချိန်၌ ဆက်သွယ်သွားလာမှု လွယ်ကူစေရေးအတွက် အချိန်မီ ပြင်ဆင်နိုင်ရေးစီစဉ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
စောအောင်မျိုးလွင် (ပြန်/ဆက်)


