၉ ဧပြီ


မေလတွင် ရုံတင်ပြသမည့်   " ဒုဋ္ဌဝတီကိုလွန်၍" ဇာတ်ကားကြီးတွင် ပါဝင်သရုပ်ဆောင်ထားသည့် သရုပ်ဆောင် နိုင်နိုင်းအနေနှင့် အဓိက ဇာတ်ဆောင်အဖြစ် အဆိုတော် အမွန်းနှင့်အတူ တွဲဖက် သရုပ်ဆောင်ထားသည်ကို မြင်တွေ့ရသည်။

 

ယင်းဇာတ်ကား နှင့် ပတ်သက်ပြီး သူ၏အနုပညာအပေါ်ခံစားမှုများကို မြန်မာ့အလင်းသို့ ပြောကြား သည်။

 

"ကျွန်တော်ရိုက်ခဲ့သမျှ ဇာတ်ကားတွေအထဲမှာ ပင်ပန်းခဲ့တဲ့ ကားတစ်ကားဆိုရင်လည်း မမှားပါဘူး။ ဇာတ်ကားတစ်ကားလုံးကြည့်လိုက်လို့ရှိရင် အေးဆေးစွာရိုက်ရတဲ့အခန်းက တော်တော်ကို နည်းပါ တယ်။ ဒီဇာတ်လမ်းဟာ တစ်ကားလုံးဆုံးသွားတဲ့အထိ ပျင်းဖို့သိပ်မရှိတဲ့ ကားတစ်ကားဆိုတော့ ပရိသတ်တွေအနေနဲ့လည်း ဘယ်လိုပြီးလို့ပြီးသွားမလဲ မသိတဲ့ကားတစ်ကားလို့ ပြောပြချင်ပါတယ်။ ရုံအပေါ်ရောက်တဲ့အခါကျရင်တော့ ပရိသတ်တွေ ဆုံးဖြတ်လို့ရမှာပါ။ အက်ရှင်ကားရိုက်တဲ့အခါမှာ အခက်အခဲတွေကတော့ အများကြီးရှိပါတယ်။ ဒါပေမယ့် ကိုယ့်ဒါရိုက်တာနဲ့ ပါဝင်တဲ့သရုပ်ဆောင်တွေ လက်တွဲညီစွာ လုပ်ကိုင်ခဲ့ကြတဲ့အတွက် အဆင်ပြေခဲ့ပါတယ်။ အခက်အခဲက အဓိကတော့ ကားထဲ မှာပါတဲ့လူတွေ အကုန်လုံးတက်ညီလက်ညီနဲ့ အားသွန်ခွန်စိုက်လုပ်ကိုင်ကြမှ ဇာတ်ကားက ကောင်း မွန်မှာပါ။ 


ဒီကားက ဖျော်ဖြေရေးကားပါ။ ကြည့်လိုက်တဲ့သူတိုင်းကို ဖျော်ဖြေထားတာပါ။ ဇာတ်လမ်းက အပြင်မှာ လည်း ဟုတ်ချင်ဟုတ်မယ်ပေါ့နော်။ စပြီးမရိုက်ခင် တစ်ပတ်၊ ဆယ်ရက် လောက်မှာ လေ့ကျင့်မှုတွေနဲ့ ဇာတ်တိုက်ရတာတွေလုပ်တယ်။ အဲဒီမှာကတည်းက ခြေထောက် ခေါက်သွားပြီး အရွတ်ထိခိုက် သွားတယ်။ ဒါပေမယ့် ဒဏ်ရာရတဲ့ ခြေထောက်နဲ့ပဲ ဇာတ်ကား ကိုပြီးအောင် ရိုက်ခဲ့ပါတယ်။ ထုံဆေး တွေ၊ ဖျန်းဆေးတွေ၊ ပတ်တီးတွေစီးပြီးတော့ ရိုက်ခဲ့ရတယ်။ Indoor ဆက်တင်တွေနဲ့ ရိုက်တဲ့ အခါမှာလည်း ကြိုးတံတားတွေဖန်တီးပြီး ရိုက်တဲ့အခါမှာ မရိုက်ခင်ကတည်းက ကြိုးတံတားက ပျက်ကြခဲ့သေးတယ်။ အဲဒီကြိုးတံတားက အမြင့် ဆယ်ပေလောက်ရှိပြီး အောက်ကို ပြုတ်ကျတော့ တော်တော်ကိုခံရတယ်။ အက်ရှင်ကားရိုက်တဲ့သူတိုင်း မတော်တဆမှုကတော့ ရှိတာပါပဲ။ ကျွန်တော် လည်း တော်တော်ကို အပင်ပန်းခံပြီး ရိုက်ကူးထားတာပါ”ဟု နိုင်းနိုင်း ကပြောသည်။

 

ထို့အပြင် ဇာတ်ကားအောင်မြင်မှုအတွက် ဇာတ်လမ်းဇာတ်အိမ်ပေါ်တွင်လည်း မူတည်ကြောင်း၊ ယခု ဇာတ်ကားမှာ ရိုက်ကူးရန် အချိန်ယူရပြီး နေရာအတော်များများ မတူညီမှုများရှိနေခြင်းကြောင့် ပရိသတ်များ အားရကျေနပ်မည်ဖြစ်ကြောင်း၊ ခရီးသွားရသည့် အချိန်များနှင့် ဆက်တင်လုပ်ရသည့် အရာများအား အချိန်ယူဆောင်ရွက်ခဲ့ရကြောင်း သိရှိရသည်။


“ဒီဇာတ်ကားကို ရိုက်ကူးဖြစ်တာက  ဘုဏ်းသိုက်နဲ့ ကျွန်တော်နဲ့က ခရီးသွားအစီအစဉ်တစ်ခုမှာ ဆုံဖူး တယ်။ သူရဲ့ကြိုးစားအားထုတ်မှုကိုလည်း သဘောကျမိတယ်။ ပြီးတော့ ဒီဇာတ်ကားလေးကို ပြီးခဲ့ တဲ့နှစ် မကုန်ခင်ကတည်းက ကျွန်တော့်ကို ကမ်းလှမ်းထားတာ။ သူ့ဇာတ်လမ်းလေးကိုလည်း စိတ်ဝင် စားတဲ့အတွက် လက်ခံဖြစ်ခဲ့တာပါ။ သက်မွန်နဲ့ကတော့ ပန်းကြာဝတ်မှုန် ဇာတ်ကားပြီး ကတည်းက မဆုံဖြစ်ကြတာ။ အခုဒီကားလေးမှာ ပြန်ဆုံရပြီ”ဟု နိုင်းနိုင်းက ရုံတင်ပြသတော့မည့် ဇာတ်ကား အတွေ့အကြုံအား ပြောပြခဲ့သည်။ 

 

ကိုလင်း