ပုဂံ အောက်တိုဘာ ၂၁

 

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်တွင် အောက်တိုဘာ ၁၇ ရက်က မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် ရှေးဟောင်း ဘုရားစေတီပုထိုးအချို့နှင့် ရှေးဟောင်းအဆောက်အအုံအချို့ ထိခိုက်ပျက်စီးသွားခဲ့၍ ရှေးမူမပျက် အချိန်မီပြန်လည် ပြုပြင်နိုင်ရေးအတွက် ယနေ့နံနက်ပိုင်းက ဆရာတော် ဦးပညာသာရ ဦးဆောင်သော ကုသိုလ်တော် ပုဂံဘုရားများသန့်ရှင်းရေး ပရဟိတအဖွဲ့က စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

ညောင်ဦးမြို့နယ်တွင် အောက်တိုဘာ ၁၇ ရက်မှ ၁၈ ရက်အထိ မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် ဖွားစောကျေးရွာ အနီးရှိ ဘုရားအမှတ် (၈၀၃) ပြဿဒ်ကြီးဘုရား အနောက်ဘက်မုခ်ဦး အလျား ၁၂ ပေ၊ အမြင့် ၁၅ ပေ၊ ထု ၆ ပေခန့် ထိခိုက်ပျက်စီးခြင်း၊ ပုဂံမြို့၊ ရွှေတွင်းရပ်ကွက်ရှိ ဘုရားအမှတ် (၉၈၇) စေတနာကြီးဘုရား၏ မဟာရံတံတိုင်း အနောက်ဘက်အတွင်းပိုင်း အရှည် ၄၃ ပေ၊ ၆ လက်မခန့်၊ ထု ၆ လက်မခန့် အုတ်ချပ်များ ပဲ့ကျပျက်စီးခြင်း၊ တောင်ဘီကျေးရွာရှိ ဘုရားအမှတ် (၂၀၀၂) ၏ အရှေ့မြောက်ထောင့်တွင် အနည်းငယ် ထိခိုက်ပျက်စီးခြင်းနှင့် ဘုရားအမှတ် (၁၆၀၅) ပုထိုးသားများ ဘုရား၏ အရှေ့မုခ် အလျား ၄ ပေ၊ အမြင့် ၂ ပေ၊ ထု ၆ လက်မခန့် ထိခိုက်ပျက်စီးခြင်း၊ မြင်းကပါကျေးရွာရှိ ဘုရားအမှတ် (၁၁၄၅) စိုးမင်းကြီးဘုရား၏ အထက်ပစ္စယံ အရှေ့ဘက်တွင် အလျား ၄ ပေခန့်၊ အမြင့် တစ်ပေခန့်၊ ထု တစ်ပေခန့်နှင့် အရှေ့တောင်ဘက်တွင် အလျား ၂ ပေခန့်၊ အမြင့် တစ်ပေ၊ ထု တစ်ပေခန့် ထိခိုက်ပျက်စီးခြင်း၊ ရှေးဟောင်းအဆောက်အုံ အမှတ် (၁၂၃) အုတ်ကျောင်းကြီး အမိုးပိုင်း (၃) ပေ ပတ်လည်ခန့် အသီးသီး ထိခိုက်ပျက်စီးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။  ယခုအခါ ရှေးဟောင်းသုတေသနနှင့် အမျိုးပြတိုက် (ပုဂံဌာနခွဲ) မှ  ရှေးဟောင်းဘုရားစေတီပုထိုးများနှင့် ရှေးဟောင်းအဆောက်အအုံများ ထိခိုက်ပျက်စီးမှု ထပ်မံ မဖြစ်ပေါ်စေရေးအတွက် ရှေးမူမပျက် အချိန်မီ ပြန်လည်ပြုပြင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

mdn

 

အဆိုပါ မိုးရွာသွန်းမှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ရှေးဟောင်းဘုရားစေတီပုထိုးများနှင့် ရှေးဟောင်း အဆောက်အအုံများကို ရှေးမူမပျက် အဆင်ပြေစွာ ပြန်လည်ပြုပြင်နိုင်ရေးအတွက် ဆရာတော် ဦးပညာသာရ ဦးဆောင်သော ကုသိုလ်တော် ပုဂံဘုရားများ သန့်ရှင်းရေးပရဟိတအဖွဲ့၊  ညောင်ဦးမြို့နယ် မီးသတ်ဦးစီးမှူး ဦးကျော်မင်းသူ ဦးဆောင်သော သန္ဓေ၊ အရန် မီးသတ်တပ်ဖွဲ့ဝင်များ၊ ပုဂံညောင်ဦးမြို့ပေါ်ရှိ လူမှုကူညီရေး အသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများက အုတ်ကျိုးအပဲ့များ ရှင်းလင်းခြင်း၊ အုတ်ကောင်းများကို ခွဲခြား၍ စနစ်တကျထားရှိခြင်း၊ ဘုရားဝန်းကျင် သန့်ရှင်းသာယာလှပစေရေး အမှိုက်သရိုက်များ ကောက်ယူရှင်းလင်းခြင်း၊ တံမြက်စည်းလှဲခြင်း လုပ်ငန်းများကို ပြည်သူ့အကျိုးပြု စုပေါင်းကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

ရဲဝင်းနိုင် (ညောင်ဦး)