ဂျီ-၂၀ နိုင်ငံများမှခရီးသွားလုပ်ငန်း ဝန်ကြီးများသည် ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကူးစက်ခံရမှုကြောင့် ထိခိုက်ခဲ့ရသောခရီးသွားလုပ်ငန်းကို ပြန်လည်ထူထောင်ရန် ပူးပေါင်းလုပ်ဆောင်ကြမည် ဖြစ်ကြောင်း ကတိပြုပြောကြားခဲ့ကြသည်။

 

အဆိုပါ ဝန်ကြီးများသည် ယမန်နေ့က အရေးပေါ် ဗွီဒီယိုဆွေးနွေးမှု ပြုလုပ်ခဲ့သည်။

 

ဂျီ-၂၀ အဖွဲ့ဝင်များသည် တစ်နိုင်ငံချင်းစီ၏ အခြေအနေများနှင့် အပြည်ပြည်ဆိုင်ရာ အခြေအနေများနှင့်အညီ ခရီးသွားလာမှုကန့်သတ်ချက်များ ရုပ်သိမ်းမည်ဖြစ်ကြောင်းကို မကြာမီထုတ်ပြန်ကြေညာမည်ဟု ဆိုသည်။

 

မတည်မငြိမ်ဖြစ်နေသောအကျပ်အတည်းများကြားမှ ပိုမိုတိုးတက်မှုရရှိစေရန် အသိပညာ၊ အတွေ့အကြုံများနှင့် အလေ့အကျင့်ကောင်းများကို အဖွဲ့ဝင်များက မျှဝေသွားမည်ဖြစ်ကြောင်းကိုလည်း ဖော်ပြထားသည်။

 

ခရီးသွားများ၏ ယုံကြည်မှုကို ပြန်လည်တည်ဆောက်သွားမည်ဟု ၎င်းတို့က အခိုင်အမာဆိုသည်။

 

ကိုဗစ်-၁၉ ရောဂါကူးစက်မှုကာလအတွင်း စိန်ခေါ်မှုများနှင့်ရင်ဆိုင်နေရသည့် ကုမ္ပဏီများကို ဂျီ-၂၀ က ဝိုင်းဝန်းကူညီသွားမည် ဖြစ်ကြောင်းနှင့် အသေးစားနှင့်အလတ်စား ခရီးသွားလုပ်ငန်းများရှင်အတွက် ဒစ်ဂျစ်တယ်စနစ်ကို မြှင့်တင်ရန်တို့ကို ထိုထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို