မြန်မာစာပေသည် မြန်မာလူမျိုးတို့၏ အသက်ဝိညာဉ် ဖြစ်သည်။ စာပေယဉ်ကျေးမှုမရှိသော လူမျိုးသည် အသက်ဝိညာဉ် ကင်းမဲ့သော ရုပ်ခန္ဓာနှင့်တူပေသည်။ စာပေယဉ်ကျေးမှုထွန်းကားသောလူမျိုးသည် ကမ္ဘာပေါ်၌ တင့်တင့်တယ်တယ် နေနိုင်သောလူမျိုးအဖြစ် ရပ်တည်နေ ကြောင်း တွေ့မြင်ရမည်ဖြစ်သည်။ ထို့ကြောင့် ဖွံ့ဖြိုးတိုးတက်ဆဲနိုင်ငံများ သည် လည်းကောင်း၊ ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံများသည်လည်းကောင်း ၎င်းတို့၏ စာပေယဉ်ကျေးမှု ထွန်းကားစည်ပင်နေရန် အတွက် အစဉ်ကြိုးပမ်းဆောင်ရွက်နေကြသည်။
မြန်မာနိုင်ငံသည် မြန်မာဂန္ထဝင်စာပေအညွန့်အဖူးများ အစဉ်ရှင်သန် ကြီးထွားခဲ့သောနိုင်ငံဖြစ်သည်ကို ရှေးစာဆို အကျော်အမော်များ၏ သီကုံးဖွဲ့နွဲ့ ရေးသားမှုများက ညွှန်းဆိုပြခဲ့သည်။ သို့သော် မြန်မာနိုင်ငံ သူ့ကျွန်ဘဝ ကိုလိုနီနယ်ချဲ့ လက်အောက်ကျရောက်စဉ်က မြန်မာ စာပေကိုချိုးနှိမ်၍ မြန်မာလူမျိုးများ၏ အမျိုးသားရေးစိတ်ဓာတ် များ မှေးမှိန်သွား အောင် ဖန်တီးခဲ့ကြသည်။ ယင်းကို အမျိုးသားရေးစိတ်ဓာတ် ထက်သန်သော မြန်မာလူကြီး လူငယ်များ တွန်းလှန်ခဲ့ကြ သည်ကို အမျိုးသားအောင်ပွဲမှပေါ်ပေါက်လာသည့် မြန်မာ အမျိုးသားကျောင်းများ က သက်သေပြခဲ့သည်။
မြန်မာနိုင်ငံသည် စာပေယဉ်ကျေးမှုနှင့်ပတ်သက်၍ နှစ်ပေါင်း ထောင်ချီသည့် စောစီးစွာကာလကပင် ထွန်းကားတည်တံ့ နေသော အာရှနိုင်ငံတစ်နိုင်ငံ ဖြစ်သည်ကို ရှေးဟောင်းစာပေယဉ်ကျေးမှု အထောက်အထားသက်သေ သာဓကများဖြင့် ဖော်ညွှန်းနိုင်ခဲ့သည်။ ယဉ်ကျေးမှုထွန်းကားခဲ့သော ပျူခေတ် ရှေးဟောင်းကျောက်စာ၊ ပေထက်အက္ခရာများသည် စာပေ ယဉ်ကျေးမှု ထွန်းကားခဲ့သည်ကို မီးမောင်းထိုးပြနိုင်ခဲ့သည်။ ပုဂံခေတ်၊ ညောင်ရမ်းခေတ်၊ အင်းဝခေတ်၊ ကုန်းဘောင်ခေတ် စသည့်ခေတ်အဆက်ဆက် ကျောက်စာ၊ ပေစာ၊ လက်ရေးစာများသည် မြန်မာတို့၏ဂန္ထဝင်မြောက်သည့် စာပေများဖြစ်သည်။
မြန်မာတို့၏ဂုဏ်ယူဝင့်ကြွားဖွယ်ရာ ယဉ်ကျေးမှုဂုဏ်ဒြပ်ဖြစ်သည့် မြန်မာစာပေကို ခေတ်အဆက်ဆက် စာပေမြတ်နိုးသူများ က ထိန်းသိမ်းစောင့်ရှောက်ခဲ့ကြသော်လည်း သဘာဝဘေးအန္တရာယ်နှင့် ဖျက်လိုဖျက်ဆီး လုပ်သူများကြောင့်လည်းကောင်း၊ မြန်မာနိုင်ငံကို ကျူးကျော်နယ်ချဲ့သိမ်းပိုက်ခဲ့သည့် ကိုလိုနီတို့က ကျွန်သက်ရှည်အောင် မြန်မာတို့၏စာပေယဉ်ကျေးမှုတို့ကို ချိုးနှိမ်ဖျက်ဆီးခဲ့ကြသောကြောင့် လည်းကောင်း တိမ်ကောပပျောက်ခြင်း များလည်းရှိသည်။ သို့သော် မြန်မာစာပေကို တန်ဖိုးထားလေးစားမြတ်နိုးကြသော မြန်မာ စာဆိုတော်များနှင့် စာပေချစ်မြတ်နိုးသူများက မပျောက်ပျက်အောင် ဆက်လက် ထိန်းသိမ်းသယ်ဆောင်ခဲ့ကြသည်။
မျက်မှောက်ကာလတွင် ခေတ်ရေစီးကြောင်းပြောင်းလဲမှု၊ တိုင်းတစ်ပါး ယဉ်ကျေးမှုထိုးဖောက်လွှမ်းမိုးမှု၊ ခေတ်မီတိုးတက် လာသော နည်းပညာခေတ်၏ အလျင်အမြန်ဖွံ့ဖြိုးလာမှုများသည် မြန်မာ့ ယဉ်ကျေးမှုနှင့် မြန်မာစာပေဖွံ့ဖြိုးမှုတို့အတွက် ကြီးမားသည့် စိန်ခေါ်မှုဖြစ်လာသည်။ မြန်မာလူမျိုးများ အထူးသဖြင့် မြန်မာ လူငယ်များအဖို့ နိုင်ငံတကာနှင့်ယှဉ်၍သော် လည်းကောင်း၊ နိုင်ငံတကာ ကို အတုယူအားကျ၍သော်လည်းကောင်း၊ နိုင်ငံတကာကို ထိုးဖောက် နိုင်ရန်အတွက် လည်းကောင်း တိုင်းတစ်ပါးစာပေ၊ ယဉ်ကျေးမှုများကို ချဉ်းကပ်ရာ၌ မိမိနိုင်ငံ၊ မိမိလူမျိုးတိုးတက်ရေး အကျိုးစီးပွားကို မျက်ကွယ်မပြုမိရန် လိုအပ်သည်။
တိုင်းတစ်ပါးစာပေယဉ်ကျေးမှုသည် မိမိနိုင်ငံ၊ မိမိလူမျိုးတိုးတက်ရန် အတွက် လေ့လာဆည်းပူးခြင်းသာ ဖြစ်သင့်သည်။ တိုင်းတစ်ပါးကို အထင်ကြီးပြီး မိမိနိုင်ငံ၊ မိမိယဉ်ကျေးမှု၊ မိမိတို့စာပေကိုမနှိမ့်ချမိစေရန် လိုအပ်သည်။ မပစ်ပယ် မိစေရန် လိုအပ်သည်။ သို့သော်လည်း မြန်မာ့ယဉ်ကျေးမှု၊ မြန်မာစာပေကို မျက်ကွယ်ပြု၍ တိုင်းတစ်ပါးစာပေ ယဉ်ကျေးမှုနောက်သို့ လိုက်ပါသွားနေကြသည်ဟု ထင်မြင်မိသည်။
သို့ဖြစ်ရာ ကျွန်ုပ်တို့မြန်မာစာပေ၊ မြန်မာဘာသာစကားများ ဖွံ့ဖြိုး တိုးတက်စည်ပင်သည်ထက် ဖွံ့ဖြိုးတိုးတက်စည်ပင်အောင် အစဉ်ကြိုးပမ်း ကြရမည်သာမက ဖျက်ဆီးမှု၊ ပျက်စီးမှုအရေးကိုလည်း သတိမူ ကာကွယ်ကြရမည် ဖြစ်သည်။ ထိုတာဝန်သည် ဘိုးဘေးဘီဘင် အဆက်ဆက်မှ သားမြေးတီကျွတ် အဆက်ဆက်တိုင်အောင် မျိုးနွယ်ဆက်တိုင်း ထမ်းဆောင်ကြရမည့်တာဝန် ဖြစ်သည်ကို အလေးအနက်တိုက်တွန်းလိုပါသည်။ ။
ကြေးမုံ