ထိန်းသိမ်းခံ ကမ္ဘောဒီးယား သတင်းထောက်များအား အာမခံဖြင့် ပြန်လွှတ်

၂၂ သြဂုတ်

သူလျှိုမှုစွပ်စွဲချက်များဖြင့် ၉ လကျော်ကြာ ထိန်းသိမ်းထားခဲ့သော သတင်းစာဆရာ ၂ ဦးကို ကမ္ဘောဒီးယားအာဏာပိုင်များက အာမခံဖြင့် လွှတ်ပေးခဲ့သည်။

သတင်းထောက်နှစ်ဦးဖြစ်သော Uon Chhin နှင့် Yeang Sothearin တို့သည် အမေရိကန်အထောက် အပံ့ရုပ်သံလွှင့်ဌာန လွတ်လပ်သောအာရှအသံ   (RFA)  တွင် လုပ်ကိုင်ခဲ့သူများဖြစ်ကြောင်း၊ ၄င်းတို့ ၂ဦးမှာ ပြည်ပနိုင်ငံတစ်ခုသို့ သတင်းအချက်အလက်များ ပေးပို့ခြင်းအားဖြင့် နိုင်ငံတော်လုံခြုံရေး နှောင့်ယှက်ရန် ကြိုးပမ်းမှုသံသယဖြင့် ပြီးခဲ့သည့်နှစ် နိုဝင်ဘာအတွင်း ဖမ်းဆီးခဲ့ကြောင်း၊ နောက်ပိုင်းတွင် ၄င်းတို့ ၂ ဦးကို ညစ်ညမ်းစာပေထုတ်လုပ်မှုဖြင့် တရားစွဲခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လအတွင်း အာမခံဖြင့်လွှတ်ပေးရန် အဆိုပါ ၂ ဦး၏ တောင်းဆိုချက်ကို ကမ္ဘောဒီးယား တရားရုံးချုပ်က ငြင်းပယ်ခဲ့သော်လည်း သြဂုတ်လ ၂၁ ရက်နေ့တွင်  ဖနောင်ပင်မြို့တော်ရှိ စည်ပင်သာယာတရားရုံး၏ အမိန့်တစ်ရပ်ကြောင့်  ၎င်းတို့ကို ပြန်လွှတ်ပေးခဲ့သည်။ သတင်းထောက် ၂ ဦး ဖမ်းဆီးထိန်းသိမ်းခံရမှုနှင့် ပတ်သက်ပြီး  အမေရိကန်ပြည်ထောင်စု နှင့် ဥရောပ နိုင်ငံများက ဝေဖန်ခဲ့ကြသည်။

ကမ္ဘောဒီးယားအစိုးရက သတင်းစာဆရာများ ပြန်လွှတ်ပေးခြင်းအတွက် အကြောင်းပြချက်တစ်ရပ် ယခုအချိန်ထိ မပေးသေးသော်လည်း နိုင်ငံတကာဝေဖန်မှုကို အာရုံလွှဲရန် ရည်ရွယ်သည်ဟု လေ့လာစောင့်ကြည့်သူများက ပြောကြားသည်။

ဝန်ကြီးချုပ် ဟွမ်ဆန်ဦးဆောင်သော ကမ္ဘောဒီးယားပြည်သူ့ပါတီသည် လွှတ်တော်၌ အမတ်နေရာ ၁၂၅ လုံး အနိုင်ရရှိခဲ့ကြောင်း၊ ရွေးကောက်ပွဲရလဒ် တရားဝင်မှုနှင့်ပတ်သက်ပြီး အမေရိကန်ပြည်ထောင်စုနှင့် ဥရောပနိုင်ငံများက မေးခွန်းထုတ်ခဲ့ကြကြောင်း သိရသည်။ အင်အားအကြီးမားဆုံး အတိုက်အခံ ကမ္ဘောဒီးယားအမျိုးသား ကယ်ဆယ်ရေးပါတီမှာ တရားရုံးများ၏ ဖျက်သိမ်းခြင်းခံရပြီးနောက် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် ပိတ်ပင်ခြင်းခံခဲ့ရသည်။

ကိုးကား အန်အိတ်ချ်ကေ
ဘာသာပြန် မြင့်မြင့်ချို