ဆောင်းပါး - ပေါက်ပေါက် 

မြန်မာနိုင်ငံသည် မြစ်၊ ချောင်း၊ အင်း၊ အိုင် ပေါများသဖြင့် ငါးသယံဇာတ ပေါကြွယ်ဝသည့် နိုင်ငံဖြစ်ကာ ကမ္ဘာပေါ်တွင် ငါးနှင့် ရေသယံဇာတ ပိုင်ဆိုင်မှုအဆင့် ၁၄ တွင် ရှိသည်။ ရေချိုငါးလုပ်ငန်း သည် နိုင်ငံတော်၏ စီးပွားရေး၊ ရိက္ခာဖူလုံရေးနှင့် ကျေးလက်ဒေသ အသက်မွေးဝမ်းကျောင်းမှုအတွက် အဓိကအရင်းအမြစ်တစ်ခု ဖြစ်ပါသည်။ မြန်မာနိုင်ငံ ရေချိုငါးဖမ်းလုပ်ငန်း၏ ထုတ်လုပ်မှုသည် အရှေ့ တောင်အာရှတွင်  အမြင့်ဆုံးဖြစ်ပြီး   ပြည်တွင်း ငါးထုတ်လုပ်မှု၏ ၂၈ ရာခိုင်နှုန်းခန့်ရှိကြောင်း စစ်တမ်းများက ဖော်ပြကြသည်။ 
သို့ရာတွင် ယခုအခါ လူဦးရေ ထူထပ်လာခြင်း၊ စီးပွားရေး ကျပ်တည်းလာ ခြင်းနှင့် အလွန်အကျွံဖမ်းဆီးမှုများ  ရှိနေခြင်းတို့ ကြောင့် မြစ်၊ ချောင်း၊ အင်း၊ အိုင်များသာမက      မြန်မာ့ ပင်လယ်ပြင်၌လည်း    ငါးဖမ်းဆီးရရှိမှု   လျော့နည်း လျက်ရှိသည်။

ရေချို၊   ရေငန်  ငါး၊ ပုစွန် သယံဇာတများ ကြွယ်ဝစုံလင်စွာတည်ရှိသော မြန်မာနိုင်ငံသည် ပင်လယ် ငါး၊ ပုစွန်ထုတ်လုပ်မှုနှင့် ရေချို ငါး၊ ပုစွန် ထုတ်လုပ်မှု နှစ်မျိုးစလုံးတွင် ဖမ်းဆီးရရှိမှုများ တစ်နှစ်ထက်တစ်နှစ် နည်းပါးလာသည်။ ထို့ကြောင့် ရေသတ္တဝါ(အရှင်) သယံဇာတများ လျော့ပါးလာ ခြင်းသည် ရေလုပ်သားများအတွက် ကြီးမားသည့် စိန်ခေါ်မှုဖြစ်သည်။  ထို့ပြင်   ပြည်ပပို့ကုန်အဖြစ် အားထားနေရသော မြန်မာ့ရေထွက်ကုန်များမှာ ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း   ဈေးနှုန်း ကျဆင်းလာခြင်း၊ ပင်လယ်ပြင်တွင် ဖမ်းဆီးရရှိမှုနည်းပါးလာခြင်းနှင့် ကုန်ကျစရိတ်များပြားလာခြင်း စသည်တို့ကြောင့် ရေလုပ်ငန်းကို မှီခိုအားထား၍ အသက်မွေးဝမ်းကျောင်းပြုနေရသူများ အခက်အခဲ အကျပ်အတည်းများနှင့် ကြုံတွေ့နေကြရသည်။

မြန်မာ့ရေနက်ပိုင်းအတွင်း     ငါးသယံဇာတ တည်ရှိမှုအခြေအနေနှင့်စပ်လျဉ်း၍ ထုတ်ပြန်ခဲ့သော နော်ဝေသုတေသနရေယာဉ်၏ ရလဒ်တွင် မြန်မာ့ ပင်လယ်ပြင်၌ ငါးသယံဇာတများ သိသိသာသာ လျော့နည်းလာကြောင်း၊ ၂၀၁၈ ခုနှစ် ရေပေါ်လွှာ ငါးထုထည်ပမာဏသည် ၁၉၇၉-၁၉၈၀ ပြည့်နှစ်ရှိ ပမာဏနှင့်နှိုင်းယှဉ်ပါက ၈၀ ရာခိုင်နှုန်း လျော့နည်း သွားကြောင်း   ဖော်ပြထားသည်။ ဤအချက်က မြန်မာ့ပင်လယ်ပြင်အတွင်း ကန့်သတ်ထားသည့်  ငါးဖမ်းကိရိယာများနှင့်   စည်းကမ်းမဲ့ ငါးဖမ်းဆီးမှု များ၊  ကမ်းဝေးငါးဖမ်းလှေအချို့    ကမ်းနီးသို့        ဥပဒေမဲ့ဝင်ရောက်ဖမ်းဆီးမှုများ၊ ငါးမဖမ်းရကာလ အတွင်း  စည်းကမ်းဖောက်ဖျက်သော   ကမ်းဝေး ငါးဖမ်းရေယာဉ်များရှိနေကြောင်းကို   ဖော်ညွှန်း နေခြင်းဖြစ်ပေသည်။
ထို့ကြောင့်လည်း မြန်မာနိုင်ငံအတွင်း ငါး၊ ပုစွန် သယံဇာတမပြုန်းတီးစေရေးအတွက်     မြန်မာ့ ပင် လယ်ပြင်တွင် ပုစွန်ကို တစ်လက်မပိုက်ဖြင့်လည်း ကောင်း၊ ငါးကို နှစ်လက်မပိုက်ဖြင့်လည်းကောင်း သတ်မှတ်ထားသော ပိုက်အရွယ်အစားဖြင့်သာ ဖမ်းဆီးရန် သက်ဆိုင်ရာက သတင်းထုတ်ပြန်ထား သည်။ 

၂၀၂၂ ခုနှစ်အတွက် ထုတ်ပြန်ချက်

ငါးလုပ်ငန်းဦးစီးဌာနသည် မြန်မာနိုင်ငံရှိ ရေချို၊ ရေငန် ရေပြင်များတွင် ငါး၊ ပုစွန်မျိုးများ မပြုန်းတီး စေဘဲ ငါး၊ ပုစွန် အထွက်တိုးစေရန်၊ မျိုးကောင်း မျိုးသန့်များ ရေရှည်တည်တံ့တိုးပွားလာစေရန်နှင့် ငါးသယံဇာတများ    ထိန်းသိမ်းနိုင်ရန်ရည်ရွယ်၍ ရေသတ္တဝါများ၏ မျိုးပွားရာသီကာလတွင် ဖမ်းဆီး ခြင်း၊  ဝယ်ယူစုဆောင်းခြင်း မပြုကြရန်   အမိန့် ကြော်ငြာစာများ၊ ညွှန်ကြားချက်များဖြင့် တားမြစ် ကာ ငါး၊ ပုစွန် သယံဇာတများကို စဉ်ဆက်မပြတ် ထိန်းသိမ်းစောင့်ရှောက်လျက်ရှိပါသည်။

ယခုနှစ် မတ်လ ၂၁ ရက်နေ့ကလည်း ရေသတ္တဝါ (အရှင်)များ၏    မျိုးပွားရာသီချိန်တွင်    ဖမ်းဆီး၊ စုဆောင်း၊ ရောင်းဝယ်၊ တင်ပို့ခြင်းများ မပြုလုပ်ကြ ရန် ငါးလုပ်ငန်းဦးစီးဌာန စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက အသိပေးကြေညာထား ပါသည်။ အကယ်၍ စစ်ဆေးတွေ့ရှိပါက ဥပဒေနှင့် အညီ အရေးယူခြင်းခံရမည်ဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် ဌာနအနေဖြင့် ငါး၊ ပုစွန်များ၏ မျိုးပွား ရာသီချိန်ကို အုပ်စုအမျိုးအစားအလိုက် သတ်မှတ် ချက်များမှာ -
•    ကျောက်ပုစွန်၊ ကင်းပုစွန်နှင့် ငါးလင်ပန်း များကို ဇွန်လ ၁ ရက်နေ့မှ သြဂုတ်လ ၃၁ ရက်နေ့အထိလည်းကောင်း၊ 
•    ကျောက်ငါးကို     ဇူလိုင်လ  ၁ ရက်နေ့မှ စက်တင်ဘာလ ၃၀ ရက်နေ့အထိ လည်း ကောင်း၊ 
•    ရေချိုငါးအားလုံးကို မေလ ၁ ရက်နေ့မှ ဇူလိုင်လ ၃၁ ရက်နေ့အထိ လည်းကောင်း၊ 
•    ရေငန်ပုစွန်များကို ဇွန်လ ၁ ရက်နေ့မှ သြဂုတ်လ ၃၁ ရက်နေ့အထိ လည်းကောင်း ကန့်သတ်ထားပါသည်။ 

ငါးသားပေါက် စတင်ထည့်သွင်း
မွေးမြူခြင်းဆိုင်ရာနည်းပညာ

ငါးအာဟာရစားသုံးနှုန်းကို ဖြည့်ဆည်းပေးရန် အတွက် တစ်ပိုင်တစ်နိုင်ငါးမွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်ကြရာ၌ ငါးသားပေါက် စတင်ထည့်သွင်း မွေးမြူခြင်းဆိုင်ရာနည်းပညာကို       သိထားရန် လိုအပ်သည်။ ငါးသားပေါက်များကို မှာယူမွေးမြူမှု မပြုလုပ်မီ ငါးမွေးမြူသူများအနေဖြင့် သတိပြုသင့် သည့် အချက်အလက်တချို့ကို အောက်ပါအတိုင်း အကြံပြုလိုပါသည်။ 
•    ကန်ထဲသို့ တိုက်ရိုက်မထည့်ပါနှင့်။ လမ်း ခရီးတစ်လျှောက် ပုံးများနှင့်သယ်လာသော အခါ ငါးများက ခရီးပန်း (stress) နေပါပြီ။ ထိုအချိန်မှာ    ငါးများကို    မွေးကန်ထဲသို့ တိုက်ရိုက်ထည့်လိုက်သောအခါ ရုတ်တရက် သေဆုံးသွားတတ်သည်။
•    အကိုင်အတွယ် မကြမ်းမိစေရန် သတိပြုပါ။ ကနဦးအနေဖြင့်     ငါးသားပေါက်များကို အဝကျယ်သော ရေဇလားကြီးတစ်ခုထဲသို့ ညင်သာစွာထည့်ပါ။ ထို့နောက် မွေးမြူရန် အသင့်လုပ်ထားသည့်    ကန်အတွင်းက ရေကိုခပ်၍ ငါးလေးများထည့်ထားသည့် ဇလားထဲသို့ ဖြည်းဖြည်းချင်း အနည်းငယ်စီ ထည့်ပေးပါ။ 
•    ထို့နောက် ၎င်းဇလားထဲသို့ ရေအနည်းငယ် စီလောင်းထည့်ပေးပါ။ ဤလုပ်ဆောင်ချက် က ငါးများကို မွေးမြူရေးကန်ထဲ မထည့်မီ ပြင်ပလေထု၊ မွေးကန်ထဲရှိ ရေနှင့် နေသား တကျဖြစ်စေရန် လုပ်ဆောင်ခြင်း ဖြစ်ပါ သည်။ 

•    ရေဇလားကို မွေးမြူကန်ထဲ ခပ်ဖြည်းဖြည်း စောင်း၍    ငါးသားပေါက်များ     ၎င်းတို့ ကိုယ်တိုင်ရေကူးပြီး   မွေးမြူကန်ထဲကို ကူးခတ်တိုးဝင်သွားသည့် အခြေအနေမျိုး ဖန်တီးပေးခြင်းဖြင့်        ငါးသားပေါက် အသေအပျောက်နှုန်း နည်းပါးသွားစေမည် ဖြစ်ပါသည်။
ငါးလုပ်ငန်းဦးစီးဌာနက   တားမြစ်ချက်များ ထုတ်ပြန်ထားသလို မိမိ၏အသိစိတ်ဓာတ်ဖြင့် ငါး၊ ပုစွန် မျိုးမတုံးသွားစေရန်၊ သက်ရှိ ရေသယံဇာတ များ မရှားပါးစေရန်နှင့်    စောင့်ထိန်းဆောင်ရွက်ရန် ကိစ္စမှာ   ရေလုပ်သားများအားလုံး၏   တာဝန်သာ ဖြစ်ပေသည်။   သား၊  ငါး  သယံဇာတရှားပါးမှု သိသိသာသာဖြစ်ပေါ်လာသည့်အတွက် ငါး၊ ပုစွန် များ ပေါက်ပွားသည့်ရာသီတွင် ဖမ်းဆီးမှုကို ပိတ်ပင် တားမြစ်ခြင်းအားဖြင့် ရေရှည်တွင် ငါး၊ ပုစွန်များ မျိုးသုဉ်းမှုကို လျော့ပါးသက်သာလာစေမည့်အပြင် တစ်နိုင်ငံလုံး စားနပ်ရိက္ခာဖူလှုံမှုကို အထောက်အကူ ဖြစ်စေပါမည်။

သို့ပါ၍ ငါး၊ ပုစွန် သယံဇာတများ ရေရှည် တည်တံ့ရေးသည် လူသားများ၏  စားနပ်ရိက္ခာ ဖူလုံရေးအတွက်သာမက     လူမှုစီးပွားဖွံ့ဖြိုးရေးနှင့် အမျိုးသားစီးပွားရေးဖွံ့ဖြိုးမှုအတွက်ကိုပါ အထောက် အကူ ဖြစ်စေသည်ဖြစ်ရာ ငါး၊ ပုစွန် သယံဇာတများ မဖြုန်းတီးရန် ဝိုင်းဝန်း ကာကွယ်စောင့်ရှောက် ပေးကြရမည်ဖြစ်ပါကြောင်း သတိပေးနှိုးဆော်လိုက် ရပါသည်။       ။