ထိပ်သီးဆွေးနွေးပွဲကျင်းပမယ့် ဖြစ်နိုင်ဖွယ်ရာ နေရာသုံးနေရာကို စင်ကာပူသတင်းစာ သုံးသပ်

စင်ကာပူ  ၁၁ မေ

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်တို့ တွေ့ဆုံဆွေးနွေးကြမယ့် ဖြစ်နိုင်ဖွယ်ရာရှိတဲ့ နေရာသုံးနေရာကို စင်ကာပူသတင်းစာတစ်စောင်မှာ ဖော်ပြထားပါတယ်။

နေရာသုံးနေရာနဲ့ ပတ်သက်ပြီး စထရိတ်တိုင်းမ်စ် သတင်းစာကနေ ကျွမ်းကျင်သူတွေကို ရွေးချယ်ပေးဖို့ မေးမြန်းထားတာကို တွေ့ရှိရပါတယ်။ ထိပ်သီးဆွေးနွေးပွဲ ပြုလုပ်မယ့် နေရာတွေကတော့ ပထမတစ်ခုက ရှန်ဂရီလာ ဆွေးနွေးပွဲ ခေါ် နှစ်စဉ် အာရှ-ပစိဖိတ်ကာကွယ်ရေးဖိုရမ်ပြုလုပ်လေ့ရှိတဲ့ ရှန်ဂရီလာဟိုတယ် ဖြစ်ပါတယ်။

 

အဲဒီဟိုတယ်ဟာ ၂၀၁၅ ခုနှစ်က တရုတ်နဲ့ ထိုင်ဝမ်ခေါင်းဆောင်တို့ ပထမဆုံးအကြိမ်တွေ့ဆုံခဲ့တဲ့ နေရာလည်းဖြစ်ပါတယ်။ကျွမ်းကျင်သူတွေကနေ ဟိုတယ်အကြောင်းပြောကြားချက်ကို စထရိတ်တိုင်းမ်စ် သတင်းစာက ကိုးကားဖော်ပြချက်အရ ရှန်ဂရီလာဟိုတယ်ဟာ မြို့လယ်ကောင်နဲ့ ခပ်ဝေးဝေးမှာရှိကြောင်း၊ လုံခြုံရေးအစီအမံတွေလည်း ရှိပြီး ညီလာခံအတွက် စိတ်ကူးမိစေမယ့် ရိပ်သာနေရာတစ်ခုဖြစ်တယ်လို့လည်း သိရပါတယ်။

 

ဒုတိယနေရာတစ်ခုကတော့ Marina Bay Sands ဟိုတယ်ဖြစ်ပါတယ်။အဲဒီဟိုတယ်ဟာ အမိုးပေါ်မှာ ကြီးမားတဲ့ သင်္ဘောတစ်စင်းပုံစံမျိုးပါရှိပြီး ခမ်းနားထည်ဝါလှတဲ့အတွက်  စင်ကာပူနိုင်ငံရဲ့ အထင်ကရလိုဖြစ်နေတာလည်း ဖြစ်ပါတယ်။ ပင်လယ်ကမ်းခြေ ကာစီနိုဝိုင်းတွေနဲ့ အပန်းဖြေရိပ်သာ တွေကို ၂၀၁၀ ခုနှစ်မှာ ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။ စထရိတ်တိုင်းမ်စ် သတင်းစာဖော်ပြချက်အရ ကာစီနိုင်လောင်းကစားရုံတွေဟာ ထရန့်ရဲ့ အလှူငွေကြေးတွေနဲ့ မတည်လည်ပတ်နေတာ ဖြစ်တယ်လို့ သိရပါတယ်။

ဒါပေမယ့် ကျွမ်းကျင်သူတွေကတော့ အဲဒီဟိုတယ်ဟာ မြို့နဲ့နီးလွန်းတာတစ်ကြောင်း၊ လမ်းဆုံတွေရှုပ်ထွေး လွန်းတာကြောင့် အချိန်အခက်အခဲဖြစ်မှာ စိုးရိမ်တဲ့အတွက် သိပ်ပြီးအဆင်မပြေဘူးလို့ မြင်ကြကြောင်း သတင်းစာမှာ ဖော်ပြထားပါတယ်။

တတိယဖြစ်နိုင်ခြေရှိတဲ့နေရာကတော့ စင်ကာပူအလယ်ပိုင်းကို တံတားနဲ့ သွယ်တန်းချိတ်ဆက်ထားတဲ့ ဆန်တိုဆာကျွန်းပဲဖြစ်ပါတယ်။ အဲဒီနေရာဟာ ကာစီနိုရုံတွေနဲ့ ရုပ်ရှင်ဥယျာဉ်တစ်ခုလည်း ရှိတာကြောင့် နိုင်ငံခြားသား ခရီးသွားဧည့်သည်တွေရဲ့ နေအိမ်သဖွယ်ဖြစ်နေတာဖြစ်ပါတယ်။

သူတို့ရွေးချယ်ထားတဲ့နေရာဟာ လုံခြုံရေးအတွက် စိတ်ချရစေတယ်လို့ ကျွမ်းကျင်သူတွေဆိုထားပေမယ့်လည်း ကျွန်းပေါ်ဟိုတယ်တွေကတော့ အကြီးစားသံတမန်အဖွဲ့ကိုလက်ခံသွားနိုင်စွမ်းရှိမနေဘူးလို့ ဆိုထားပါတယ်။

(MDN)

 

ကိုးကား-NHK