ရန်ကုန်  ၁၇  ဖေဖော်ဝါရီ

 

The Asia Foundation ၏ ကူညီထောက်ပံ့မှုဖြင့် Third Story Project မှ ကြီးမှူးပြုလုပ်သည့် Let’s Read ပုံပြောနည်းသင်တန်းကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း ရွှေဥဒေါင်း ခန်းမ၌ ဖွင့်လှစ်သည်။

 

သင်တန်းတွင် ပုံပြင်ဖတ်ပြနည်း၊ ပြောနည်း၊ ရေးသားဖန်တီးနည်းများကို သင်တန်းကြေး အခမဲ့ဖြင့် ဖေဖော်ဝါရီ ၁၉ ရက်အထိ  နံနက်(၉)နာရီမှ ညနေ( ၅) နာရီ အတွင်း ပို့ချပေးသွားမည်ဖြစ်သည်။

 

သင်တန်းစီစဉ်သူ မချမ်းငြိမ်းဖြူက ``မြန်မာပုံပြောသူများနှင့် စေတနာရှင် လူငယ်များ (ရန်ကုန်)ဆိုပြီး စေတနာ့ဝန်ထမ်းအဖွဲ့နှစ်ဖွဲ့ဟာ ၂၀၁၂ ခုနှစ်ကတည်းက မြန်မာနိုင်ငံမှာရှိတဲ့ ကလေးတွေရဲ့ ပညာရေးအတွက် အတူတကွ အလုပ်တွေ လုပ်ခဲ့ကြတယ်။ ပရဟိတ အလုပ်တွေလုပ်ရင်း မြန်မာကလေးစာအုပ်တွေ ရှားပါးလာတာကို တွေ့ရှိလာပြီးနောက်မှာ ကွာဟချက်တွေကို ဖြည့်ဆည်းပေးဖို့ စိတ်အား ထက်သန်လာပြီး ၂၀၁၄ ခုနှစ်မှာ Third Story Project  ကို စတင်တည်ထောင်ခဲ့ပါတယ်။ ဒီပရောဂျက်က ကလေးပုံပြင် စာအုပ်တွေကို ဖန်တီးပြီး နွမ်းပါးတဲ့နေရာတွေကို ဖြန့်ဝေခဲ့ပါတယ်´´ဟု   ပြောသည်။ 

 

Third Story Project သည် ကလေးများအတွက် လိုအပ်သည့် ပုံပြင်စာအုပ်များရရှိအောင် လုပ်ပေးခြင်းသာမက ကလေးများအတွက် အမူအကျင့်များ ပိုမိုကောင်းမွန် ပြောင်းလဲအောင် ရည်ရွယ်လုပ်ဆောင်ပေးလျက်ရှိသည်။

 

Let’s Read ပုံပြောနည်းသင်တန်းသို့ လူမှုအဖွဲ့အစည်းများနှင့် ပရဟိတ ကျောင်းများ၊ ပုဂ္ဂလိကကျောင်းများနှင့် အစိုးရကျောင်းများမှ ဆရာ၊ ဆရာမများ စိတ်ပါ ဝင်စားသူများတက်ရောက်ခဲ့ ကြသည်။

 

Let’s Read ပုံပြောနည်းသင်တန်းသို့ တက်ရောက်လိုသူများအနေဖြင့်  အမှတ် ၈၆၊ ၅၂ လမ်း အလယ်ဘလောက် ပုဇွန်တောင်မြို့နယ်တွင် ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း သိရသည်။

 

သတင်း၊ ဓာတ်ပုံ-ဥမ္မာသန့်