ထိရောက်သောစီမံခန့်ခွဲမှုများ လိုသည်

ဧပြီ ၆

 

ပြည်သူ့အစိုးရလက်ထက် စိန်ခေါ်မှုများစွာထဲမှာ အထူးအကျပ်အတည်းကြီးတစ်ခုက ပြည်သူ့ဘဏ္ဍာငွေများကို စနစ်တကျ စီမံခန့်ခွဲနိုင်ရန် ပြင်ဆင်ရခြင်းဖြစ်ပါမည်။

 

လွတ်လပ်ရေးရပြီးစ ပါလီမန်ဒီမိုကရေစီခေတ်တွင် စီးပွားရေးအရ တူတူတန်တန်မြင့်မားလာပြီးခါမှ ၁၉၆၂ အာဏာသိမ်းပြီးနောက်ပိုင်း၌ တဖြည်းဖြည်း စီးပွားရေးယုတ်လျော့နိမ့်ကျလာခြင်းမှာ ဘဏ္ဍာငွေ အလွဲသုံးစားမှုနှင့် အလွဲစီမံခန့်ခွဲမှုများက အဓိကအကြောင်းရင်းဖြစ်သည်ဟုထင်မြင်ပါသည်။

 

အရှေ့တောင်အာရှ၌ အညွန့်တလူလူနှင့် ခေါင်းမော့လာနေသော နိုင်ငံအဆင့်မှ နိမ့်ကျလာသည်မှာ ဖွံ့ဖြိုးတိုးတက်မှု အနိမ့်ဆုံးစာရင်းဝင် ဖြစ်လာခဲ့ရ၏။ ဆင်းရဲမွဲတေမှုမှာ ရှေ့တန်းကပြေးနေသောနိုင်ငံဖြစ်ခဲ့ရ၏။ ပြည်သူတို့၏ ဆင်းရဲကျပ်တည်းမှုမှာ မယုံနိုင်လောက်အောင် ဖြစ်ခဲ့ရ၏။

 

ဆင်းရဲသူတို့ ချုံးချုံးကျနေချိန်မှာ အလွဲသုံးစား ကိုယ်ကျိုးရှာသူတို့က ကျိကျိတက်ချမ်းသာနေလေရာ ဆင်းရဲချမ်းသာကွာဟမှုက ဆီးစေ့နှင့် မြင်းမိုရ်ဖြစ်လာတော့သည်။

 

ယင်း၏အကျိုးဆက်ကား လူမှုရေးပြဿနာ တောင်ပုံရာပုံနှင့်အတူ ပညာရေးအဆင့်အတန်း၊ ကျန်းမာရေးအဆင့်အတန်း နိမ့်ကျမှုက အောက်နားကပ်လာသည်။ အတိုချုပ်ဆိုရလျှင် တိုင်းပြည်တစ်ခုလုံးနှင့် ပြည်သူတစ်ရပ်လုံး အထွေထွေအကျပ်အတည်းများ၊ အောက်တန်းနောက်တန်းကျမှုများကို မရှူနိုင်၊ မကယ်နိုင် ခံစားခဲ့ရသည်။

 

ယခုအခါ ခေတ်စနစ်တို့ပြောင်း၍ ပြည်သူတို့က ရွေးချယ်သည့် ပြည်သူ့ကိုယ်စားလှယ်အများစုက အာဏာနှင့် လုပ်ပိုင်ခွင့်ကို ပြန်လည် ရရှိလာခဲ့ပြီဖြစ်ရာ ပြည်သူ့ဘဏ္ဍာငွေများကိုစနစ်တကျ မှန်မှန်ကန်ကန် သုံးစွဲရေးဆီသို့ တူရူပြုလာခဲ့ပြီ။

 

ပြည်သူ့အကျိုးစီးပွားကို မျက်နှာမူကာ စီမံခန့်ခွဲမှုများကိုပြန်လည် တည့်မတ်အောင် ကြိုးစားနေကြပြီဖြစ်၏။

 

ပြည်သူ့ဘဏ္ဍာများကို သုံးစွဲရာ၌ မသမာမှု၊ အဂတိမှုများလေလွင့် ပြုန်းတီးမှုများကင်းဝေးပြီး ထိရောက်သော စီမံခန့်ခွဲမှုများဖြင့် ပြည်သူ့အကျိုးဆောင်နိုင်ကြပါစေကြောင်းပြည်သူ့အစိုးရကို အားပေးထောက်ခံရင်း တိုက်တွန်းလိုက်ရပါသတည်း။

 

မြန်မာ့အလင်း