၄  မတ်

 

ရာစုနှစ်ဝက်ကျော် ဒီမိုကရေစီ အမှောင်ကျမှု၏ရလဒ်များအတွင်း ဆင်းရဲ မွဲတေစွာ နေထိုင်ခဲ့ရသည့် မြန်မာနိုင်ငံအဖို့ ဒီမိုကရေစီ တစ်စိတ်တစ်ပိုင်းကို အမိအရဆုပ်ကိုင်ရင်း မျှော်လင့်ချက်ကြီးစွာဖြင့် လူးလွန့်ရုန်းကန်နေရသည်။ ဆင်းရဲတွင်းထဲဒုတ်ဒုတ်ထိ အခြေအနေမှ က္ဘာနှင့်ရင်ပေါင်တန်းနိုင်သော တိုးတက်ဖွံ့ ဖြိုးသည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုနိုင်ငံ အဖြစ်သို့ဟူသော ပန်းတိုင်ဆီသို့ လျှောက်လှမ်းသည့် ခရီးလမ်းက ခက်ခဲကြမ်းတမ်းမည်မှာ အမှန်။

 

ဒီမိုကရေစီစနစ်က သယ်ဆောင်သွားလိမ့်မည်ဟု ပြည်သူတို့ယူဆထားသော ဥပဒေစိုးမိုးမှု အရိပ်အာဝါသက ပြည့်ပြည့်ဝ၀ မရသေး။ ပြည်သူတို့ အသက်ရှင်သန် ကျန်းမာရေး၊ လွတ်လပ်မျှတစွာ စီးပွားရှာဖွေ လုပ်ဆောင်နိုင်ရေး၊ လုံခြုံစိတ်ချစွာ သွားလာနေထိုင်နိုင်ရေး စသည့်လူချင်းတူတူ သူချင်းမျှမျှ ဘဝရပ်တည်နိုင်ရေး စသည်တို့က အတော်ပင် ကြိုးစား ထူထောင်ရဦးမည့် အခြေအနေ။ ပြည်တွင်းငြိမ်းချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး ဟူသည်တို့က ပြည်သူ့အစိုးရ ထူထောင်ရန် စတင်ပြင်ဆင်ချိန်ကတည်းက ရည်မှန်းချက်ထားခဲ့သည့် အဓိကဦးတည်ချက်များဖြစ်ခဲ့သော်လည်း အဓိက ထောက်တိုင်များကို စုစုစည်းစည်းဖြင့် အုတ်မြစ်မချနိုင်သေးသည်က ပင်မပြဿနာဖြစ်နေ၏။

 

ပြည်သူတို့ကြားထဲမှာ စိတ်အထိခိုက်အခံစားရဆုံး ဖြစ်ရသည်ကလည်း စစ်ပွဲများ မရပ်နိုင်သေးဘဲ ငြိမ်းချမ်းရေး အလှမ်းဝေးနေသည့် အဖြစ်နှင့် မြန်မာနိုင်ငံမှာ ရာဇဝတ်မှုတွေ တစ်နှစ်ထက်တစ်နှစ် ပိုမိုများပြားလာသည်ဟု သိမြင်ခံစား နေကြရခြင်းတို့ ဖြစ်မည်ထင်၏။ လွန်စွာ ကြမ်းတမ်းရက်စက်လှသော လုယက်သတ်ဖြတ်မှုများ၊ အထူးအဆန်း မဟုတ်တော့သလို ဖြစ်နေရသည့် နေ့စဉ်ဘဝများထဲရှိ ဘတ်စ်ကားပေါ်က သို့မဟုတ် လမ်းများပေါ်က မတော်မတရားမှုများ၊ မယုံကြည်နိုင်လောက်အောင် ထုထည်ကြီးမားများပြားလှသည့် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုများ၊ လူမှုအဖွဲ့အစည်းတစ်ရပ်တွင်းက ဘယ်လိုမှ ခွင့်မလွှတ်နိုင်လောက်အောင် ဆိုးရွားလှသည့် အဓမ္မမှုများ၊ အထူးသဖြင့်တော့ သက်ငယ်မုဒိမ်းမှုများ...။

 

ဥပဒေစိုးမိုးရေးအတွက် အရေးကြီးသော ထောက်တိုင်များအားလုံး အချင်းချင်း အပြန်အလှန်ထိန်းညှိခြင်း၊ အပြန်အလှန်ကူညီခြင်း၊ အတူလက်တွဲ ဆောင်ရွက်ဖြေရှင်းခြင်း စသည်တို့ကို အမှန်တကယ် အကောင်အထည်ဖော်ကြရန် လိုသည်ဟု ယူဆပါသည်။

 

ထိရောက်သော အရေးယူမှုများ မရှိလျှင် ရာဇဝတ်မှုများကို လျော့ပါးသွားအောင်လုပ်ရန် ခက်ခဲနေလိမ့်မည်ဖြစ်ပါသည်။ ဥပဒေနှင့်အညီ တရားစီရင်နိုင်ရေးတွင် ပြစ်မှုကျူးလွန်သူများကို ဖမ်းဆီးအရေးယူနိုင်ရေး သာမက ပြစ်မှုနှင့်ထိုက်တန်သော ပြစ်ဒဏ်များကို ချမှတ်အရေးယူနိုင်ရေးကလည်း အရေးကြီးပါမည်။ မဏ္ဍိုင်များအကြား ထိန်းညှိရာ၌လည်း ခေတ်အခြေအနေနှင့် လျော်ညီသော ပြစ်မှုပြစ်ဒဏ်များဆိုင်ရာ ဥပဒေတို့ကို ပြင်ဆင်နိုင်ရေးစသည့် လုပ်ငန်းတို့ကလည်း မဖြစ်မနေ လုပ်ဆောင်ကြရမည်ဟု ထင်မြင်ပါသည်။

 

အထူးသဖြင့် ယနေ့ဖြစ်ပွားနေသော သက်ငယ်မုဒိမ်းမှုလို ရာဇဝတ်မှုများဆိုလျှင် အထူးကြပ်ကြပ်မတ်မတ်နှင့် ဦးစားပေး အရေးယူဆောင် ရွက်ရမည်ဟု ယူဆပါသည်။ ထို့ပြင် များစွာသော ရာဇဝတ်မှုများမှာ မူးယစ်ဆေးဝါးပြဿနာနှင့် ဆက်စပ်နေသည်ဟု ထင်မြင်မိပါသည်။

 

အချို့သော ရက်စက်မှုများမှာ တော်ရုံလူစိတ်ဖြင့် ဖြစ်ပွားဖို့ရန် အလွန်ခဲယဉ်းလှသည်ကို တွေ့ မြင်နိုင်ပါ၏။ စဉ်းစားကြည့်၍ပင် မရနိုင်သော ရက်စက်မှုများမှာ မူးယစ်ဆေးဝါးတို့၏ အရှိန်ဖြင့် လူစိတ်ပျောက် ကုန်ကြခြင်းကြောင့်ဟု ယူဆရပါသည်။ တိတိကျကျ စုံစမ်းဖော်ထုတ်ခြင်းဖြင့် အရင်းအမြစ်အထိ တူးဖော်အရေးယူရန် လိုပါလိမ့်မည်။

 

တိုင်းပြည်၏ အနာဂတ်ကို အမှန်တကယ် ရှုမြင်မည်ဆိုပါက သက်ငယ်မုဒိမ်းမှုများနှင့် မူးယစ်ဆေးဝါး ပြဿနာတို့ကို အထူးတလည် အာရုံစိုက်အရေးယူ ဆောင်ရွက်သင့်ကြပြီဟု ယူဆပါကြောင်း ဒီမိုကရေစီ မဏ္ဍိုင်ကြီးများအား နှိုးဆော်လိုက်ရပါသည်။

 

မြန်မာ့အလင်း (အယ်ဒီတာ့အာဘော်)