ဘားအံ သြဂုတ် ၁၀
ကရင်ပြည်နယ်အတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မြစ်ရေ၊ ချောင်းရေလျှံခြင်း၊ မြေပြိုကျခြင်းများ ဖြစ်ပေါ်လျက်ရှိခြင်းကြောင့် သြဂုတ် ၇ ရက်က မြဝတီ–ကော့ကရိတ် အာရှကားလမ်းမကြီး၊ တောနော် ရေတံခွန်အနီး မိုင်တိုင်အမှတ်(၁၄၉) နှင့် (၁၅၀)အကြားနေရာတွင် ကားလမ်းအောက်ခံမြေသား အကျယ် ၃၃ ပေရှိ ကတ္တရာခင်းကားလမ်းအရှည် ၁၅၀ ပေခန့် ပဲ့ကျပျက်စီးခဲ့ရာ ယာဉ်သွားလာမှု ယာယီရပ်ဆိုင်းထားရပြီး အဆိုပါလမ်းပိုင်း အမြန်ဆုံး ပြန်လည်ပြုပြင်နိုင်ရေးနှင့် ပတ်သက်၍ ဆောင်ရွက်သွားမည့် အခြေအနေများကို ကရင်ပြည်နယ် လမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်ညိုအား တွေ့ဆုံမေးမြန်းခဲ့ပါသည်။
မေး- သြဂုတ် ၇ ရက်က မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မြဝတီ-ကော့ကရိတ် အာရှလမ်းပိုင်း မြေပြိုမှုဖြစ်သွားတဲ့အတွက် မော်တော်ယာဉ်များ သွားလာမှုရပ်ဆိုင်းသွားတယ်လို့ သိရပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဘယ်လိုဆောင်ရွက်ထားတယ်ဆိုတာ သိလိုပါတယ်။
ဖြေ- အာရှလမ်းမကြီး မြေပြိုမှုနဲ့ပတ်သက်ပြီး သြဂုတ် ၉ ရက်က ကရင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမျိုးမင်းနောင် ဦးဆောင်ပြီး လမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နဲ့ တာဝန်ရှိသူတွေက လိုအပ်တဲ့ပြင်ဆင်မှုတွေ ပြုလုပ်နိုင်ဖို့ ကွင်းဆင်းကြည့်ရှုခဲ့ပါတယ်။ ပြီးတော့ အာရှလမ်း မြေသားပြိုကျတဲ့နေရာမှာ ယာယီဘေလီတံတားထိုးဖို့ ညွှန်ကြားထားပါတယ်။ ဘေလီတံတားထိုးတဲ့အခါမှာ လမ်းပန်းပြတ်တောက်မှု မဖြစ်ပေါ်စေရေးအတွက် လမ်းပြတ်ကျတဲ့နေရာရဲ့ တစ်ဖက်တစ်ချက်စီမှာ ပေ (၃၀၀) ချဉ်းကပ်လမ်းသစ်ကို တောင်ဖြတ်ဖောက်လုပ် ဆောင်ရွက်ရမှာဖြစ်ပါတယ်။ ရှောင်ကွင်းလမ်းအနေနဲ့ ချဉ်းကပ်လမ်း (၃၀၀+၃၀၀) ပေ ၆၀၀ နဲ့ လမ်းပြတ်ကျပျက်စီးနေရာ ပေ ၂၀၀ စုစုပေါင်း အရှည် ပေ ၈၀၀ ခန့် ဖောက်လုပ်ရမှာဖြစ်ပါတယ်။ နောက်ပြီး မြေသားသိပ်သည်းကျစ်လျစ် အမာခံရရှိအောင် ဆောင်ရွက်ပြီး လမ်းပြတ်ကျပျက်စီး ပေ ၂၀၀ ခန့်ရဲ့ လမ်းအတွင်းဘက်ခြမ်း တောင်ခြေနဲ့တည့်တည့် ကပ်လျက်နေရာမှာ ဝန်ပါကားများပါ ဖြတ်သန်းနိုင်ရေးအတွက် လမ်းမြေသားပေါ်၌ ဘေလီတံတား အရှည် ပေ ၂၀၀ ခန့် ထိုးပေးရမှာပါ။
မေး- ဘေလီတံတားထိုးမယ်ဆိုရင်ရော အချိန်ဘယ်လောက်ယူရမလဲဆရာ။
ဖြေ- အချိန်ဘယ်လောက်ယူရမလဲဆိုရင်တော့ လုပ်အားလုပ်နိုင်တဲ့အပေါ်နဲ့ ရာသီဥတုအပေါ်မှာ မူတည်ပါတယ်။ အဓိက ရာသီဥတုလည်းသာယာမယ်၊ လုပ်အားလည်း အချိန်ပြည့်လုပ်နိုင်မယ်ဆိုရင် အလွန်ဆုံးတစ်လပဲ။ တစ်လတည်းနဲ့ အပြီးဆောင်ရွက်လို့ရပါတယ်။
မေး- အခု ဘေလီတံတားထိုးဖို့ ဘယ်ရက်လောက်စပြီး လုပ်ဖြစ်မလဲဆရာ။
ဖြေ- သြဂုတ် ၁၀ ရက်နေ့ကစပြီး တံတားတည်ဆောက်ရေးနဲ့ပတ်သက်တဲ့ ပစ္စည်းတွေ စပြီးပို့ဆောင်ဖို့ ဆောင်ရွက်နေပါပြီ။ ပို့ဆောင်ပြီးတာနဲ့ လိုအပ်တဲ့ ယာဉ်ယန္တရားတွေနဲ့ လုပ်ငန်းစတင်ဆောင်ရွက်မှာပါ။
မေး- အခုလောလောဆယ် ယာဉ်သွားလာမှုတွေကို ဘယ်လိုစီစဉ်ဆောင်ရွက်ထားပါလဲဆရာ။
ဖြေ- ကုန်တင်ယာဉ်ကြီးတွေတော့ သွားလို့မရသေးပါဘူး။ လူစီးယာဉ်တွေနဲ့ တချို့ပစ္စည်းသယ် ယာဉ်ငယ်လေးတွေကိုတော့ ယခင်ကအသုံးပြုခဲ့တဲ့ မြဝတီ-ကော့ကရိတ် လမ်းဟောင်းဖြစ်တဲ့ ထို့ကော်ကိုးလမ်းပိုင်းကနေ နေ့စဉ်သွားလို့ရအောင် စီစဉ်ဆောင်ရွက်ပေးထားပါတယ်။
မေး- အာရှလမ်းကြီးနဲ့ပတ်သက်ပြီး ပင်မလမ်းမကြီးကို ဘယ်လိုဆက်ပြီး ပြုပြင်ထိန်းသိမ်းရေး ဆောင်ရွက်သွားမလဲ သိပါရစေဆရာ။
ဖြေ- ပင်မလမ်းမကြီးပျက်စီးမှုကိုတော့ ပွင့်လင်းရာသီအချိန်မှာ တံတားဦးစီးဌာနမှ ဖြစ်ပေါ်လာနိုင်တဲ့ ရေအားပမာဏကို တွက်ချက်ပြီး ရေထွက်ပြွန် (Culvert) သို့မဟုတ် တံတား (Bridge) တည်ဆောက်သွားမှာ ဖြစ်ပါတယ်။
မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးသည် ထိုင်း-မြန်မာ ကုန်စည်စီးဆင်းရာ အဓိကလမ်းကြောင်းထဲတွင် ပါဝင်နေပြီး ကုန်တင်ယာဉ်များ နေ့စဉ် ဖြတ်သန်းသွားလာနေသည့် လမ်းဖြစ်သည့်အပြင် မြဝတီမြို့နှင့် ရန်ကုန်မြို့သို့ ပြေးဆွဲနေသည့် ခရီးသည်တင်ယာဉ်များ၊ အိမ်စီးယာဉ်များ နေ့စဉ် ဖြတ်သန်းသွားလာနေသည့် လမ်းကြောင်းတစ်ခုဖြစ်ကာ ထိုင်းနိုင်ငံမှ စားသောက်ကုန်၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း၊ ဆေးနှင့်ဆေးပစ္စည်း၊ သစ်သီးနှင့် အခြားပစ္စည်းများ တင်သွင်းနေသော လမ်းပိုင်းဖြစ်ကြောင်း သိရှိရသည်။
တွေ့ဆုံမေးမြန်း - ပြည်နယ်(ပြန်/ဆက်)