မယ်စဲ့ ၂၄ စက်တင်ဘာ
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်နှင့် ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်ခရိုင်၊ ခွန်ယွန်းမြို့နယ် နယ်စပ် ကုန်သွယ်ရေး ကော်မတီတို့ ပူးပေါင်း၍ နှစ်နိုင်ငံ နယ်စပ်ချစ်ကြည်ရေး ဈေးပွဲတော်ကို ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်ခရိုင် ခွန်ယွန်းမြို့ လေယာဉ်ကွင်း၌ စက်တင်ဘာ၂၆ ရက်မှ ၃၀ ရက်အထိ (၄)ရက်ကြာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါဈေးပွဲတော်တွင် ထိုင်းနိုင်ငံမှ လျှပ်စစ်ပစ္စည်း၊ လူသုံးကုန်ပစ္စည်း၊ အလှကုန်ပစ္စည်းများ၊ လယ်ယာသုံး စက်ကိရိ ယာပစ္စည်းများ၊ One Village One Product (ခြံထွက်ပစ္စည်းများ)၊ Hand Made ပစ္စည်းများကို ပြသရောင်းချသွား မည်ဖြစ်ပြီး မြန်မာနိုင်ငံဘက်မှ ငရုတ်သီး၊ ကြက်သွန်နီ၊ ငါးခြောက်၊ ခေါက်ဆွဲ၊ အမဲဘူး၊ ငါးမုန့်၊ ဖယောင်းတိုင်၊ ကယား ရိုးရာအထည်၊ ပယင်းလက်ဝတ်ရတနာများ၊ ရွှေနှင့် ပြုလုပ်ထားသောကျောက် အစရှိသည့်ပစ္စည်းများကို လွိုင်ကော်၊ ဘောလခဲ၊ ဖားဆောင်း၊ မယ်စဲ့မြို့နယ်တို့မှ ကုန်သည်များက သွားရောက်ပြသ ရောင်းချသွားမည်ဖြစ်သည်။ ထို့ပြင် ဈေးပွဲတော်သို့ သွားရောက်လည်ပတ် လိုသူများအတွက် ထိုင်းနိုင်ငံမှ ကြို/ပို့ယာဉ်များ စီစဉ်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ဝတ်ရည်(မယ်စဲ့)


