နေပြည်တော် မတ် ၁၀
ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီနှင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်တို့ ဦးဆောင်၍ ထိုင်း-မြန်မာ နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုတွင် ဘတ်/ ကျပ် တိုက်ရိုက်အသုံးပြု ပေးချေရေးဆိုင်ရာ လုပ်ငန်းစဉ်များ ရှင်းလင်းညှိနှိုင်း အစည်းအဝေးကို မတ် ၁၀ ရက် မွန်းလွဲ ၂ နာရီခွဲတွင် Virtual Meeting ဖြင့် ကျင်းပသည်။
အစည်းအဝေးတွင် နှစ်နိုင်ငံနယ်စပ်ဒေသများဖြစ်သည့် မြဝတီနှင့် တာချီလိတ်တွင် ဘတ်/ကျပ် တိုက်ရိုက်ပေးချေမှုစနစ် အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာဌာနများအကြား ပေါင်းစပ်ညှိနှိုင်းရေးကိစ္စ၊ စမ်းသပ်ကာလ (Pilot Period) အဖြစ် မတ် ၂၁ ရက်မှစတင်၍ သုံးလ စမ်းသပ်ဆောင်ရွက်ရန်ကိစ္စ၊ မြေပြင်တွင် ဌာနများအကြား ပူးပေါင်း ဆောင်ရွက်မှု အဆင်ပြေချောမွေ့စေရေးအတွက် အထောက်အကူပြု အဖွဲ့ ဖွဲ့စည်းရေးကိစ္စ၊ ကုန်သည်လုပ်ငန်းရှင်များသို့ နယ်စပ်ကုန်သွယ်မှုတွင် ဘတ်/ကျပ် တိုက်ရိုက် အသုံးပြုပေးချေရေးဆိုင်ရာ လမ်းညွှန်ချက် (Guideline) အား ရှင်းလင်းခြင်းအစီအစဉ် (Public Awareness) ကို မတ်လ တတိယပတ်အတွင်း ဆောင်ရွက်ရန်ကိစ္စ၊ ဘတ်/ကျပ် ဈေးကွက်ငွေလဲလှယ်နှုန်းကို အသုံးပြု ဆောင်ရွက်နိုင်ရေးနှင့် ကုန်သွယ်မှုမှရရှိသည့် ဘတ်ငွေကို မြန်မာကျပ်သို့ လဲလှယ်၍ ငွေသားပြန်လည်ထုတ်ယူရာတွင် အဆင်ပြေချောမွေ့စေရေးကိစ္စ၊ ကုန်သွယ်မှုဆိုင်ရာ သတင်းအချက်အလက်များအား သတင်းပေးပို့တင်ပြပေးရန် ကိစ္စရပ်များကို ဆွေးနွေးညှိနှိုင်းခဲ့သည်။
အစည်းအဝေးသို့ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးလုပ်ငန်း ကော်မတီဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညွန့်အောင်၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ၊ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီ တွဲဖက်အတွင်းရေးမှူး ဗိုလ်မှူးချုပ်ရန်နောင်စိုး၊ ကုန်သွယ်ရေးဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ် စာရင်းဌာန၊ မြန်မာ့စီးပွားရေးဘဏ်၊ ပြည်တွင်းအခွန်များဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ လုပ်ငန်းကော်မတီအဖွဲ့ဝင်များ၊ Designated Bank အဖြစ် ဆောင်ရွက်ခွင့်ပြုထားသည့် ဧရာဝတီ တောင်သူလယ်သမားများ ဖွံ့ဖြိုးရေးဘဏ်နှင့် Kasikornbank Public Company တို့မှ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။
သတင်းစဉ်


