ကော့သောင်း၊ ၅ ဖေဖေါ်ဝါရီ
တနင်္သာရီတိုင်းဒေသကြီး ၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့သည် ထိုင်းနိုင်ငံတောင်ပိုင်း၊ ရနောင်းမြို့နှင့် နီးကပ်သည့် နယ်စပ်မြို့ဖြစ်ကာ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်မှုလုပ်ငန်းများ သတိပြု ဆောင်ရွက်လျှက်ရှိပြီး လက်ရှိအခြေအနေတွင် ကုန်စည်စီးဆင်းမှုနှင့် အခြေခံစားသောက်ကုန်ပစ္စည်း ဈေးနှုန်းများ ပုံမှန်အခြေအနေဖြင့် ဒေသတွင်း ပြည်သူများ ရောင်းဝယ်ဖောက်ကားလျှက်ရှိကြောင်း သိရသည်။
နယ်စပ်မြို့ဖြစ်သည့် ကော့သောင်းမြို့ ပြည်သူများအနေဖြင့် အသီးအရွက်၊သားငါးနှင့် စားသောက်ကုန် တစ်ချို့အား တစ်ဖက်ထိုင်းနိုင်ငံ ရနောင်းမြို့မှ တဆင့်ဝယ်ယူတင်သွင်းမှု စားသုံးမှု ယခင်ကတည်းက ရှိခဲ့ရာ ယခုကာလအတွင်း ဗိုင်းရပ်ကူးစက်မှုထိန်းချုပ် နိုင်ရေး နှစ်နိုင်ငံ ကူးသန်းသွားလာမှု ပိတ်ပင်တားမြစ် ထားသော်လည်းထိုင်းနိုင်ငံမှ ဒေသသုံးအခြေခံ စားကုန် တင်သွင်းမှုနှင့် မြန်မာနိုင်ငံမှ ရေထွက်ကုန်ပစ္စည်းတင်ပို့မှုများအား နှစ်နိုင်ငံ အဖွဲ့အစည်းများ၏ ညှိနှိုင်းမှုဖြင့် ကိုဗစ်-၁၉ ရောဂါ တားဆီးကာကွယ်ထိန်းချုပ်မှု လုပ်ငန်းများ အပြန်အလှန် စနစ်တကျ သတိပြုဆောင်ရွက် လျှက်ရှိကြောင်း သိရသည်။
မြို့နေပြည်သူများ၏ အခြေခံစားကုန်ပစ္စည်းများ ဖြစ်သည့် ဆန်၊ဆီ ၊ဆေး၊ဆား၊ငရုပ်၊ကြက်သွန် နှင့် ပြည်တွင်း ပို့အခြားကုန်ပစ္စည်းများမှာ ကော့သောင်း-ရန်ကုန်ပြည်ထောင်စုလမ်းပိုင်းမှ မော်တော်ယာဉ် များဖြင့် ပုံမှန်စီးဆင်းပို့ဆောင်ရောင်းဝယ်မှုများကြောင့် ဒေသတွင်း ကုန်ပစ္စည်းပြတ်လပ် ရှားပါးမှု မဖြစ်ပေါ်သည့်အပြင် အခြေခံစားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ ကုန်ဈေးနှုန်း မြင့်တက်မှုမရှိ ရောင်းဝယ်ဖောက်ကားလျှက်ရှိကြောင်း သိရသည်။
ကျော်စိုး(ကော့သောင်း)


