ထိုင်း နယ်စပ် ဆင်ခွန်းဂိတ်တောင်ခြေဈေး၌ ရောင်းချနေသည့် မြန်မာနိုင်ငံမှ ထွက်ရှိသော သစ်ခွပန်းများ အရောင်းအဝယ် ကျဆင်း

မောတောင် ၉ သြဂုတ်  


တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်မောတောင်ဒေသ အတွင်းရှိ မြန်မာ- ထိုင်းနှစ်နိုင်ငံ နယ်စပ်ဂိတ်တောင်ခြေဈေး၌ ရောင်းချလျှက်ရှိသော မြန်မာနိုင်ငံမှ ထွက်ရှိသော သစ်ခွာပန်းများ လွန်ခဲ့သည့် ၅ နှစ်ကျော်ခန့်က အရောင်းအဝယ်ကောင်းသော်လည်း ယခုအခါ အရောင်းအဝယ်များ ကျဆင်းနေကြောင်း ယင်းတောင်ခြေဈေးတွင် ပန်းရောင်းနေသူများထံမှ သိရသည်။


“လွန်ခဲ့တဲ့ ၅ နှစ်ကျော်က မြန်မာနိုင်ငံက သစ်ခွပန်းဆိုရင် ထိုင်းနိုင်ငံသားတွေ့နဲ့ ကမ္ဘာလှည့်ခရီးသွားတွေက အရမ်းကြိုက်နှစ်သက်ပြီး ဝယ်ယူမှုများ ခဲ့ပါတယ်။ အခုနောက်ပိုင်း သစ်ခွပန်းတွေ အရောင်းအဝယ် နည်းပါလာတယ်၊ ဘာကြောင့်လည်းဆိုတော့ နှစ်နိုင်ငံကြားက လုံခြုံရေးဂိတ်တွေမှာ အဖမ်းအဆီးတွေ များလာတော့ ရောင်းသူ ဝယ်သူတွေက မဝယ်ရဲကြလို့ ဖြစ်ပါတယ်၊ ဒီလို ဖြစ်နေတော့ မြန်မာဈေးသည်တွေမှာ အခက်အခဲ ဖြစ်နေသလို ဘယ်နေ့ ရဲလာဖမ်းမယ်ဆိုတာကိုပဲ စိုးရိမ်နေရတယ်”ဟု ထိုင်းနိုင်ငံ ဆင်ခွန်းဂိတ်တောင်ခြေဈေးတွင် သစ်ခွပန်းရောင်းချနေသည့် မောတောင်ဒေသခံ တစ်ဦးက ပြောသည်။


မြန်မာနိုင်ငံ တနင်္သာရီတိုင်းဒေသကြီး တောတောင်များတွင် သဘာဝအလေ့ကျ ပေါက်ရောက်ထွက်ရှိသည့်  သစ်ခွပန်းမျိုးစိတ် ၁၀ဝ၀ ကျော်ကို ထိုင်းနိုင်ငံ ဆင်ခွန်းအထူးယာယီ နယ်စပ်ဂိတ် တောင်ခြေဈေးတွင် မြန်မာဘက်ခြမ်းမှ သွားရောက်ရောင်းချနေခြင်း ဖြစ်သည်။


“အရင်ကဆိုရင် နယ်စပ်ဂိတ်မှာ ဈေးသည်တွေကို တရားဝင် ဖြတ်သန်းရောင်းဝယ်ခွင့် ပြုထားပါတယ်။အခုဆိုရင် သစ်ခွပန်းမျိုးတွေကို သယ်ယူခွင့်မပြုတော့ ပန်းဈေးသည်တွေမှာ အရောင်းဝယ်လုပ်ဖို့ ခက်ခဲနေပါတယ်။ မြန်မာ သစ်ခွတွေဆိုရင် ထိုင်းကိုလာတဲ့ ခရီးသွားတွေ့ပိုကြိုက်နှစ်သက်ပါတယ်”ဟု ထိုင်းနိုင်ငံတောင်ခြေဈေးတွင် သစ်ခွပန်းရောင်းချနေသည် ဒေါ်မီးမီးက ပြောသည်။ လက်ရှိတွင် မြန်မာနိုင်ငံဘက်မှ သစ်ခွပန်းများကို နှစ်နိုင်ငံနယ်စပ်ဂိတ်မှ သယ်ယူခွင့်မပြုသည့် အတွက်ကြောင့်  မြန်မာဘက်မှ သစ်ခွပန်းရောင်းချသည့် ဈေးသည်များ လာရောက်ရောင်းချမှု နည်းပါးသွားခြင်း ဖြစ်သည်။


ယခုအခါ သစ်ခွပန်းရောင်းချရာတွင် လွတ်လွတ်လပ်လပ် ရောင်းချနိုင်ရေးအတွက် တရားဝင် အခွန်ဆောင်ပြီး၊ ရောင်းချခွင့် ပြုလုပ်ပေးရန် လိုလားနေကြောင်း မြန်မာဈေးသည်များထံမှ သိရသည်။


ထိုင်နိုင်ငံဆင်ခွန်းနယ်စပ်ဂိတ်ရှိ သစ်ခွပန်းဈေးတန်းတွင် မြန်မာမျိုးစိတ် သစ်ခွပန်းနှင့် ထိုင်းမျိုးစိတ် သစ်ခွပန်းဟု၍ အမျိုးအစား ၂ မျိုးကို ရောင်းချလျှက်ရှိရာတွင် တနင်္သာရီရိုးမအတွင်းမှ သဘာဝအလျောက် ပေါက်ရောက်ထွက်ရှိသည့် မြန်မာသစ်ခွပန်း မျိုးစိတ်များကို ကမ္ဘာလှည့် ခရီးသွားများနှင့်ထိုင်းနိုင်ငံသား အများစုတို့ကလည်းနှစ်သက်သောကြောင့် ဝယ်ယူသူများပြားသည်အတွက်အရောင်းအဝယ်ပိုမို ရောင်းရနေပြီး၊ မြန်မာနိုင်ငံဘက်မှထွက်ရှိသောသစ်ခွပန်းအရိုင်းများကို ထိုင်းနိုင်ငံဘက်မှ သစ်ခွပန်းစိုက်ပျိုးဝါသနာပါသူများက ကြိုက်နှစ်သက်ကာ ဝယ်ယူလေ့ရှိကြောင်း သိရသည်။


“သစ်ခွပန်းက လက်ရှိမှာ သောကြာနေနဲ့ စနေနေ့တွေလောက်ပဲ  အရောင်းအဝယ် ဖြစ်ပါတယ်၊ ကျန်တဲ့ရက်တွေမှာ အရောင်းအဝယ် မရှိပါဘူး”ဟု ထိုင်းနိုင်ငံ နယ်စပ်ဈေးတစ်ခုဖြစ်သည် တောင်ခြေဈေးအတွင်း မြန်မာသစ်ခွာပန်းရောင်းချနေသူ  ဒေါ်လှသန်းက ပြောသည်။


၂၀၁၃ ခုနှစ်က တရားဝင်ဖွင့်လှစ်ခဲ့သည့် မောတောင်နယ်စပ်ဂိတ်သည် တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ် မောတောင်မြို့တွင်တည်ရှိကာ မြိတ်မြို့မှ မိုင် ၁၅၀ ကွာဝေးပြီး  မြန်မာနိုင်ငံမှထွက်ရှိသည့် သစ်တောထွက်ပစ္စည်းများနှင့် သစ်ခွပန်းမျိုးစိတ်များကို လွန်ခဲ့သောငါးနှစ်ကျော်ခန့်မှ စတင်ကာထိုင်းနိုင်ငံနယ်စပ်ဂိတ် အနီးပန်းဈေးကွက်အတွင်းသို့သွားရောက်ရောင်းချ နေခြင်း ဖြစ်ကြောင်းအဆိုပါ ဈေး၌ပန်းရောင်းနေသည့် ဒေသခံများထံမှ သိရသည်။


၂၀၁၈ ခုနှစ် မေလမှ စတင် အသစ်ပြဌာန်းထားသည်သစ်တောဌာနဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေး နယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်း ဆိုင်ရာဥပဒေတွင်  တားမြစ်ထားတာ ၂၀ မျိုးရှိပြီး တရားဝင်ထုတ်လုပ်ခွင့်မရှိကြောင်းနှင့် သဘာဝအပင်များနှင့် နိုင်ငံတကာကုန်သွယ်မှုတွင် ထိန်းချုပ်ထားသော အပင်ကိုဖြစ်စေ၊ ယင်းတို့၏ အစိတ်အပိုင်းကို ဖြစ်စေ၊ ယင်းတို့ပါရှိသည့် ဆင့်ပွားထုတ်လုပ်ထားသော ပစ္စည်းကိုဖြစ်စေ၊ ခွင့်ပြုချက်မရှိဘဲ စုဆောင်းခြင်း၊ လက်ဝယ်ထားခြင်း၊ တင်သွင်းခြင်း၊ ရောင်းချခြင်း ပြုလုပ်လျှင် ဖြစ်စေ၊ ပြည်ပသို့ တင်သွင်း၊တင်ပို့ရောင်းချခြင်း ပြုလုပ်လျှင် ထိုသူကို ၃ နှစ်မှ အများဆုံး ၁၀ နှစ်အထိ ထောင်ဒဏ်နှင့် ငွေဒဏ် ချမှတ်နိုင်ကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။


မြင့်ဦး(မြိတ်)