နေပြည်တော် ဖေဖော်ဝါရီ ၂၅
ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်၏ ဖိတ်ကြားချက်အရ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သို့ တရားဝင် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိလာသည့် ထိုင်းဘုရင့် လေတပ်ဦးစီးချုပ် Air Chief Marshal Sakesan Kantha နှင့် ဇနီး ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် ယမန်နေ့က ထိုင်းဘုရင့် လေတပ်မှ လေယာဉ်ဖြင့် ရန်ကုန်မြို့ရှိ မင်္ဂလာဒုံလေတပ်စခန်းဌာနချုပ်သို့ ရောက်ရှိကြရာ တပ်မတော် (လေ)မှ အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းဘုရင့်လေတပ် စစ်သံမှူးနှင့် တာဝန်ရှိသူများက ကြိုဆိုကြသည်။
ထိုင်းဘုရင့် လေတပ်ဦးစီးချုပ်နှင့် ဇနီးဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော် လေတပ်စခန်းသို့ ရောက်ရှိကြပြီး သူရဲကောင်းဗိမာန် (နေပြည်တော်)သို့ သွားရောက်ကာ အထိမ်းအမှတ်ကျောက်တိုင်ရှေ့၌ ဂုဏ်ပြုပန်းခြင်းချ၍ နိုင်ငံတော်နှင့် တပ်မတော်အတွက် မြင့်မြတ်စွာ အသက်စွန့်ခဲ့ကြသူများအား အလေးပြုကြပြီး ထိုင်းဘုရင့် လေတပ်ဦးစီးချုပ်က ဧည့်သည်တော် မှတ်တမ်းစာအုပ်တွင် မှတ်တမ်းတင် လက်မှတ် ရေးထိုးသည်။
ထို့နောက် ထိုင်းဘုရင့်လေတပ် ဦးစီးချုပ် Air Chief Marshal Sakesan Kantha အား ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်က နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ၌ ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုသည်။ ယင်းနောက် ကာကွယ်ရေးဦးစီးချုပ်(လေ)နှင့် ထိုင်းဘုရင့် လေတပ်ဦးစီးချုပ်တို့သည် ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကိုခံယူကာ ဂုဏ်ပြုတပ်ဖွဲ့အား လိုက်လံကြည့်ရှု စစ်ဆေးပြီး ထိုင်းဘုရင့်လေတပ်ဦးစီးချုပ် Air Chief Marshal Sakesan Kantha က ဘုရင့်နောင်ရိပ်သာဧည့်သည် တော်မှတ်တမ်းစာအုပ်၌ မှတ်တမ်း တင်လက်မှတ်ရေးထိုးသည်။
ဆက်လက်၍ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်သည် ထိုင်းဘုရင့် လေတပ်ဦးစီးချုပ် Air Chief Marshal Sakesan Kantha အား ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံ လေတပ်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှု၊ နားလည်မှု၊ ပူးပေါင်း ဆောင်ရွက်မှု ပိုမိုတိုးတက် ကောင်းမွန်စေရေးဆိုင်ရာ ကိစ္စရပ်များ၊ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးရေးအတွက် လေ့လာရေးခရီးစဉ်များ အပြန်အလှန် စေလွှတ်သွားမည့် ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။ တွေ့ဆုံပွဲအပြီးတွင် အထိမ်းအမှတ်တံဆိပ်များ အပြန်အလှန်ပေးအပ်ကာ စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကြသည်။
ထို့နောက် ကာကွယ်ရေးဦးစီးချုပ် (လေ)နှင့်ဇနီးက တည်ခင်းဧည့်ခံသော ဂုဏ်ပြုနေ့လယ်စာ စားပွဲကို Park Royal Hotel ၌ ပြုလုပ်ရာ ထိုင်းဘုရင့်လေတပ် ဦးစီးချုပ်နှင့်ဇနီး ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့ဝင်များနှင့် တပ်မတော်(လေ)မှ အရာရှိကြီးများ တက်ရောက်ကာ နေ့လယ်စာကို အတူတကွ သုံးဆောင်ကြသည်။ နေ့လယ်စာ မသုံးဆောင်မီနှင့် သုံးဆောင်နေစဉ်အတွင်း ဖျော်ဖြေရေးအဖွဲ့များက တေးသံသာများဖြင့် သီဆိုဧည့်ခံခဲ့ကြသည်။ ဂုဏ်ပြုနေ့လယ်စာ စားပွဲအပြီးတွင် နှစ်နိုင်ငံလေတပ်အကြီးအကဲများက အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန် ပေးအပ်ကြသည်။
ချစ်ကြည်ရေး ခရီးစဉ် လာရောက်စဉ် ကာလအတွင်း ထိုင်းဘုရင့်လေတပ်ဦးစီးချုပ်နှင့်ဇနီး ဦးဆောင်သောကိုယ်စားလှယ် အဖွဲ့သည် ရန်ကုန်မြို့ရှိ အထင်ကရ နေရာများဖြစ်သည့် ကမ္ဘာအေး ဘုရား၊ ဗိုလ်တထောင်ဘုရား၊ ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ လည်းကောင်း၊ နေပြည်တော်ရှိ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသို့လည်းကောင်း သွားရောက် ဖူးမြော်ကြည်ညိုကြပြီး ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူပူဇော် ကြသည်။
ယင်းနောက် အမျိုးသားပြတိုက် (နေပြည်တော်) သို့ သွားရောက် လေ့လာခဲ့ရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြသည်။
ညနေပိုင်းတွင် ထိုင်းဘုရင့် လေတပ်ဦးစီးချုပ်နှင့်ဇနီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် နေပြည်တော်လေဆိပ်မှ ထိုင်းနိုင်ငံသို့ ပြန်လည်ထွက်ခွာကြရာ တပ်မတော်(လေ)မှ အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းဘုရင့် လေတပ်စစ်သံမှူးနှင့် တာဝန်ရှိသူများက ပို့ဆောင်နှုတ်ဆက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


