မြိတ် နိုဝင်ဘာ ၂၃
တနင်္သာရီတိုင်းဒေသကြီးအတွင်းမှ ဖမ်းဆီးရမိသည့်ငါးများကို ထိုင်းစျေးကွက်သို့ သွားရောက်ရောင်းချရာတွင် ငါးစျေးကျဆင်းမှု၊ လောင်စာဆီစျေးနှုန်းနှင့် ငွေလဲနှုန်းများကြောင့် ရေလုပ်ငန်းကဏ္ဍ ရပ်ဆိုင်းရတော့မည့် အနေထား ဖြစ်လာနေကြောင်း လုပ်ငန်းရှင်များက ပြောသည်။
ပင်လယ်ပြင်အတွင်း ငါးဖမ်းဆီးရာတွင် ကမ်းဝေးလှေကြီး (၁)စီးအထွက် စရိတ်မှာ ဘတ် ၁၃ သန်း (မြန်မာငွေသိန်း ၁၂၀၀ ကျော်)ရှိပြီး ငါးဖမ်းရရှိငွေ ဘတ် ၁၈ သန်း (မြန်မာငွေသိန်း ၁၇၀၀ ခန့်) ရရှိလျှင် ပင်လယ်ရှိ စရိတ်များအရ အရှုံးပေါ်နေကြောင်း သိရသည်။
“လှေကြီးအစီး (၂၀)ရှိတဲ့အုပ်စုတွေ၊ (၁၀)စီးရှိတဲ့အုပ်စုတွေ ကမ်းထိုးရပ်နေကြတာ တွေ့ရတယ်။ (၁)စီး၊ (၂)စီးပိုင်တဲ့သူတွေဆို လုံး၀ရပ်လိုက်ကြပြီ ဖြစ်ပါတယ်။ ကမ်းဝေးလှေကြီးတွေအားလုံး ထိပါတယ်။ သံခွံဝါလတ်ကြီးတွေကတော့ ရခိုင်ရေပြင်မှာ အနည်းငယ် လုပ်သာကိုင်သာရှိတယ်လို့ ကြားရပါတယ်။ တနင်္သာရီတိုင်းရေပြင်မှာတော့ စျေးကွက်လည်းကျဆင်း၊ အထွက်စားရိတ်တွေကလည်းများ၊ ငွေလဲနှုန်းတွေကလည်း ဒုက္ခပေးတော့ ဒီအတိုင်းရပ်ထားရတော့မယ်” ဟု မြိတ်မြို့မှ လုပ်ငန်းရှင်တစ်ဦးက ပြောသည်။
ဒေသအတွင်းတွင် လောင်စာဆီစျေးနှုန်းများမှာ တစ်ပီပါလျှင် ငွေကျပ် (၆၆၀၀၀၀) ကျော်ရှိနေပြီး ငါးပုံးတစ်ပုံးလျှင် ငွေကျပ် (၆၅၀၀၀ မှ ၇၅၀၀၀) ကြားတွင်သာ စျေးရရှိကြောင်း သိရသည်။
“ကျွန်တော်တို့ ဒီရက်ပိုင်းမှာပဲ ငါးဖမ်းလှေတွေ ပင်လယ်ပြင်ထဲက ပြန်၀င်လာတယ်။ ရေလုပ်ငန်းဆက်လုပ်ဖို့ အခြေအနေမပေးတော့တာကြောင့် ဆိပ်ကမ်းမှာ ဒီအတိုင်းကပ်ထားလိုက်ပါပြီ၊ ငါးဖမ်းပြန်ထွက်ဖို့ အစီအစဉ်မရှိတော့ပါဘူး။ အဓိက ထိခိုက်နေတာက ကမ်းဝေးလှေကြီးအားလုံးပါ။ ဝါတန်း(ဝိုင်းချုပ်)လှေတွေဆိုရင် ပိုပြီးအထိနာတယ်။ လှေသားတွေလည်းများတယ်၊ ရေပေါ်ရေလယ် ငါးဖမ်းနည်းဖြစ်တဲ့အတွက် ငါးတွေမရတော့တဲ့အနေထား ကြုံနေရတယ်။ ဝါတန်းငါးတွေဆိုရင် ထိုင်းစျေးကွက်က လက်မခံဘူး၊ သူတို့ဆီမှာ တောင်ဂိုဒေါင်တွေထဲ ပြည့်နေတယ်၊ လာမရောင်းနှင့်တော့လို့ အပြောခံနေရတယ်။ ငါးစျေးကွက်တစ်ခုလုံး ကမောက်ကမ ဖြစ်နေတာ၊ ငွေလဲနှုန်းကလည်း (၅၀)ရာခိုင်နှုန်းစီ သတ်မှတ်ထားတော့ ထပ်ရှုံးကြပြန်တယ်” ဟု ကမ်းဝေးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။
ထိုင်းနိုင်ငံက ငါးစျေးထိုးချပစ်လိုက်သည့်အပြင် ငါးတင်ပို့မှုမှရရှိငွေအား (၅၀)ရာခိုင်နှုန်းကို သတ်မှတ်ပေါက်စျေးဖြင့် လဲလှယ်ပေးရခြင်း၊ ကျန်သည့် (၅၀)ရာခိုင်နှုန်းကို တစ်လအတွင်း အသုံးပြရခြင်းများက လုပ်ငန်းရပ်ဆိုင်းသွားရန် တွန်းအားတစ်ခုဖြစ်နေကြောင်း သိရသည်။
“ကျွန်တော်တို့ ကင်းမွန်လုပ်ငန်းတွေလည်း အထိနာနေပြီ၊ အရင်နှစ်က ရာသီဖွင့်စမှာ ကင်းမွန်တစ်ဗန်းကို (၃ သိန်း ၅ သောင်း) စျေးရှိတယ်၊ ဒီနှစ်ရာသီမှာတော့ (၂)သိန်းလောက်နှင့် စျေးစဖွင့်လာပြီး အခုဆိုရင် (၁၅၀၀၀၀ မှ ၁၇၀၀၀၀) ကြားပဲ ကျန်တော့တယ်။ ထက်၀က်ကို စျေးကျသွားတယ်၊ ဒီတစ်ခေါက် လှေပြန်၀င်လာရင်တော့ ပင်လယ်ပြင်ကို ထပ်ထွက်ဖို့မရှိတော့ဘူး။ ဒီအတိုင်းပဲ ကမ်းထိုးထားလိုက်တော့မယ်။ ရေလုပ်သားတွေလည်း အလုပ်လက်မဲ့ဖြစ်တော့မယ်၊ ထိုင်းကို ရေလမ်းခရီးကနေ တင်ပို့လည်း တွက်ချေမကိုက်တော့သလို ကုန်းလမ်းခရီးကနေ တင်ပို့ရင်လည်း ကျပ်(၆)သိန်းကနေ (၉)သိန်းအထိ ထပ်မံကုန်ကျတာတွေ ရှိသေးတယ်။ ပါကေးငါးတွေလည်း တစ်ကီလိုကို ငွေကျပ် (၅၀၀)တောင် မပေးချင်ကြတော့ ဘယ်လိုလုပ်စားလို့ ရတော့မလဲ၊ ငွေလဲနှုန်းအရလည်း ထပ်ထိပြန်တော့ ဒီအတိုင်း နားနေလိုက်ရတော့မယ်” ဟု မြိတ်ခရိုင် ကင်းမွန်လုပ်ငန်းရှင်များအသင်းမှ တာ၀န်ရှိသူတစ်ဦးက ပြောသည်။
မြန်မာ့ပင်လယ်ပြင်အတွင်း ငါးဖမ်းဆီးခြင်းလုပ်ငန်း ဆောင်ရွက်နေသည့် ငါးဖမ်းလှေများနှင့် ငါးသယ်လှေများမှာ အခက်အခဲဆုံးသောကာလကို ဖြတ်ကျော်နေရပြီး ရေရှည်တောင့်ခံရန် မလွယ်တော့သည့် အနေထားဖြစ်လာနေကြောင်း သိရသည်။ ထိုသို့ဖြစ်ရခြင်းမှာ ပင်လယ်ပြင်တွင် ငါးရရှိမှု လွန်စွာနည်းပါးသွားခြင်း၊ ထိုင်းနိုင်ငံရှိ ငါးစျေးကွက်တွင် ငါးစျေး အလွန်အမင်းကျဆင်းနေခြင်း၊ ငါးဖမ်းလှေ အထွက်စရိတ်ကြီးမြှင့်သွားခြင်း၊ ငွေလဲနှုန်းများကြောင့် ငါးဖမ်းလှေအများအပြား ဆိပ်ကမ်းတွင် ရပ်ဆိုင်းနေပြီဖြစ်ကြောင်း သိရသည်။
တနင်္သာရီတိုင်းဒေသကြီးအတွင်း ကမ်းဝေးငါးဖမ်းလှေကြီး (၁၅၀၀)ခန့်ရှိကြောင်းနှင့် ရေလုပ်ငန်းကဏ္ဍ ထိခိုက်သွားပါက ကျန်သည့်စီးပွားရေးလုပ်ငန်းများပါ လိုက်ပါထိခိုက်လာနိုင်ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။
မြင့်ဦး(မြိတ်)