ထိုင်းက ကားပြပွဲမှာ လျှပ်စစ်ကားတွေ အများဆုံးပွဲထုတ်

ဘန်ကောက် ၂၇ မတ်

အရှေ့တောင်အာရှမှာ အကြီးကျယ်ဆုံး ကားပြပွဲကို ထိုင်းနိုင်ငံမှာ ကျင်းပလျက်ရှိပါတယ်။ အဆိုပါကားပြပွဲမှာ ဂျပန်၊ ဥရောပနဲ့ ပြည်ပကားကုမ္ပဏီပေါင်း ၃၀ ကျော်က နောက်ဆုံးထုတ်မော်ဒယ်တွေကို ပြသခဲ့ပြီး ကုမ္ပဏီအတော်များများက စွမ်းအင်ချွေတာရေး လုပ်ဆောင်ချက်တွေပါဝင်တဲ့ကားတွေကို အသားပေးပြသ ခဲ့ကြပါတယ်။

ထိုင်းနိုင်ငံမှာ ဂက်စ်နဲ့ ဒီဇယ်ကားတွေ အသုံးပြုနေဆဲဖြစ်ပေမယ့် ယခုကားပြပွဲမှာတော့ လျှပ်စစ်ကားတွေနဲ့ ဟိုက်ဘရစ်ကားတွေ အများအပြား ပါဝင်ပြသခဲ့ပါတယ်။

တရုတ်နိုင်ငံရဲ့ အကြီးဆုံး လျှပ်စစ်ကားထုတ်လုပ်တဲ့ BYD ကုမ္ပဏီကလဲ ဒီပွဲမှာ ပထမဆုံး ပါဝင်ပြသခဲ့ပြီး တစ်ခါအားသွင်းရုံဖြင့် ၃၅၀ ကီလိုမီတာ ခရီးရောက်နိုင်မယ့် SUV ကားမော်ဒယ်လ် အသစ်ကို မိတ်ဆက်ပြသခဲ့ပါတယ်။

BYD မှ ဒေသဆိုင်ရာ ဒါရိုက်တာ နီမိုဟန် က “ အရှေ့တောင်အာရှမှာ ဘန်ကောက်က စက်မှုအချက်အခြာကျတဲ့ နေရာဖြစ်ပါတယ်။ ဒါကြောင့် ထိုင်းက ကျွန်တော်တို့အတွက် အရှေ့တောင်အာရှမှာ ကြီးမားတဲ့ဈေးကွက်ဖြစ်လာဖို့ရှိပါတယ်” လို့ ပြောပါတယ်။

တောင်ကိုရီးယားကုမ္ပဏီ ဟွန်ဒိုင်းကလဲ လျှပ်စစ်ကားမော်ဒယ်လ်အသစ်တစ်ခု မိတ်ဆက်ခဲ့ပြီး ဂျပန်ဖက်စပ် ကားကုမ္ပဏီ FOMM ကလဲ ၎င်းရဲ့ မီနီလျှပ်စစ်ကားအတွက် ပြပွဲမှာ အော်ဒါတွေ စတင်လက်ခံနေပြီဖြစ်ပါတယ်။

ထိုင်းမှာ ကားအရောင်းပမာဏ ၈၀ ရာခိုင်းနှုန်းကျော်က ဂျပန်နိုင်ငံထုတ်ကား တွေဖြစ်ပေမယ့် စွမ်းအင်ချွေတာရေး သယ်ယူပို့ဆောင်မှု အကောင်အထည်ဖော်ရာမှာတော့ နိုင်ငံခြားကုမ္ပဏီတွေနဲ့ ယှဉ်ပြိုင်ရဖို့ရှိနေတယ်လို့ အန်အိတ်ချ်ကေ သတင်းတစ်ရပ်အရ သိရပါတယ်။

ဘာသာပြန် > မိုးမမ