ဘန်ကောက် ဇွန် ၁၅

 

အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်သည် ထိုင်းနိုင်ငံဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာနှင့် ဇွန် ၁၃ ရက်တွင် တွေ့ဆုံခဲ့ကြောင်း အင်န်အိတ်ချ်ကေ သတင်းတစ်ရပ်အရ သိရသည်။

 

အဆိုပါတွေ့ဆုံမှုတွင် တောင်တရုတ်ပင်လယ် အရေးအပါအဝင် ဒေသတွင်းလုံခြုံရေးဆိုင်ရာ ကိစ္စရပ်များနှင့် နှစ်နိုင်ငံ ဆက်ဆံရေးကို မည်သို့ခိုင်မာအောင် လုပ်ဆောင်မည်ဆိုသည့်အပေါ် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြောင်း သိရသည်။

 

အော်စတင်က အမေရိကန်အနေဖြင့် ထိုင်းကာကွယ်ရေးတပ်များ ခေတ်မီရေးနှင့်ပတ်သက်ပြီး ကူညီထောက်ပံ့ပေး လိုကြောင်း အလေးပေးပြောကြားသည်။

 

ထို့အပြင် လာမည့်နှစ်၌ ကော်ဘရာဂိုးလ်စစ်ရေး လေ့ကျင့်မှုကို အင်အားအပြည့်ဖြင့် ပြန်လည် စတင်ရန်လည်း ဆွေးနွေးခဲ့ကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် လွန်ခဲ့သည့်နှစ်နှစ်အတွင်း ကော်ဘရာဂိုးလ်ပူးတွဲစစ်ရေးလေ့ကျင့်မှုကို အင်အားလျှော့ချခဲ့ရကြောင်း သိရသည်။ အမေရိကန်ကာကွယ်ရေးဝန်ကြီးသည် ထိုင်းနိုင်ငံသို့ မရောက်မီ စင်ကာပူနိုင်ငံ တွင် ပြုလုပ်သည့် ရှန်ဂရီလာလုံခြုံရေးဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

 

အင်န်အိတ်ချ်ကေ