ဖေဖော်ဝါရီ ၄
ထိုင်းနိုင်ငံအလယ်ပိုင်းရှိ အမျိုးသားဥယျာဉ်တစ်ခုတွင် တောဆင်ရိုင်းတစ်ကောင်၏တိုက်ခိုက်ခံရမှုကြောင့် စခန်းချသူတစ်ဦးသေဆုံးခဲ့သည်။ ယခုဖြစ်ရပ်သည် ဒေသခံနှစ်ဦးကို ယခင်က သတ်ဖြတ်ခဲ့ဖူးသည့် ၎င်းဆင်နှင့် ဆက်စပ်သော တတိယအကြိမ်မြောက် သေဆုံးမှုဖြစ်သည်ဟု တာဝန်ရှိသူများက ပြောကြားသည်။
အဆိုပါဖြစ်ရပ်သည် ခေါင်ရိုင်အမျိုးသားဥယျာဉ်ရှိ စခန်းချရာနေရာတွင် ဖေဖော်ဝါရီ ၂ ရက်နေ့က ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဥယျာဉ်အာဏာပိုင်များက ပြောကြားခဲ့သည်။ သေဆုံးသူသည် အသက် ၆၀ ကျော်အရွယ် ထိုင်းအမျိုးသားတစ်ဦးဖြစ်ပြီး ၎င်း၏စခန်းချရာတဲအနီးတွင် လေ့ကျင့်ခန်းလုပ်နေစဉ် တောရိုင်းဆင် တိုက်ခိုက်ခံခဲ့ရခြင်း ဖြစ်သည်ဟု သိရသည်။
တောဆင်များသည် ခြောက်သွေ့သောရာသီကာလအတွင်း အစားအစာနှင့် ရေရှာဖွေနေစဉ် ရပ်ရွာများနှင့် ခရီးသွားနေရာများအနီးသို့ ပိုမိုနီးကပ်စွာရွှေ့ပြောင်းလာဖွယ်ရှိကြောင်း ဥယျာဉ်တာဝန်ရှိသူများက သတိပေး ပြောကြားသည်။
ထိုင်းနိုင်ငံ၏အမျိုးသားဥယျာဉ်ဌာနက ၂၀၁၂ ခုနှစ်မှစတင်ကာ တောဆင်ရိုင်းများကြောင့် လူပေါင်း ၂၀၀ ကျော် သေဆုံးခဲ့ကြောင်း ပြောကြားခဲ့သည်။
ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို


