နေပြည်တော် ဇူလိုင် ၁၃

ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးသည် ဇူလိုင် ၉ ရက်တွင် ဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့ဆုံဆွေးနွေးမှုများ လုပ်ခဲ့ကြောင်း နိုင်ငံတကာမီဒီယာများတွင် ဖော်ပြနေသည်ကို တွေ့ရှိရသည်။ အဆိုပါကိစ္စနှင့်ပတ်သက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း က ယခုလို ဖြေကြားထားသည်။

ကျွန်တော်တို့ ထိုင်းနိုင်ငံရဲ့ ဒုတိယဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ Don Pramudwinai ကတော့ မြန်မာနိုင်ငံကို တနင်္ဂနွေ (၉)ရက်နေ့မှာ ရောက်ရှိလာတာရှိပါတယ်။ နိုင်ငံတကာသတင်းတွေမှာ ဖော်ပြနေသလို ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ဆုံခဲ့တာရှိပါတယ်။ နှစ်ယောက်ချင်း တွေ့ဆုံတာလည်းဖြစ်ပါတယ်။ တွေ့ဆုံချိန်ကတော့ တစ်နာရီခွဲနီးပါးလောက် ကြာပါတယ်။ နှစ်ယောက်ချင်း လွတ်လွတ်လပ်လပ်တွေ့ဆုံတာ ဖြစ်ပါတယ်။ လွတ်လွတ်လပ်လပ်တွေ့ဆုံတဲ့အတွက် ထိုင်းနိုင်ငံခြားရေးဝန်ကြီးအနေနဲ့လည်း  ဆွေးနွေးချင်တဲ့အချက်များကို  လွတ်လွတ်လပ်လပ်ဆွေးနွေးခဲ့ပါတယ်။ နှစ်ယောက်ချင်း လွတ်လွတ်လပ်လပ်ဆွေးနွေးခဲ့တာဖြစ်တဲ့အတွက် ဆွေးနွေးချက်ကိုတော့ ကျွန်တော်တို့ အသေးစိတ် မသိရှိပါဘူး။ ကျွန်တော်တို့ မျက်ဝါးထင်ထင်တွေ့မြင်ချက်အရတော့ ဒေါ်အောင်ဆန်းစုကြည် လည်း ကျန်းမာရေးကောင်းမွန်ကြောင်း သိရှိရပါတယ်။