နေပြည်တော်  ၃ အောက်တိုဘာ

 

၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲအတွက်  ကြိုတင်ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသည့် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသား များသည် မြန်မာသံရုံး၊ ဘန်ကောက်မြို့၌ အောက်တိုဘာ ၃ ရက်မှ စတင်၍ ကြိုတင်ဆန္ဒမဲပေးမှုများ စတင်ပြုလုပ် ကြကြောင်း သိရသည်။

 

အောက်တိုဘာ ၃ ရက်တွင် မြန်မာသံရုံး ပရဝုဏ်၌ ဖွင့်လှစ်ထားသည့် မဲရုံ(၃) ရုံ၌ မဲဆန္ဒရှင် (၃၈၅) ဦးခန့် ဆန္ဒမဲ လာရောက်ပေးခဲ့ကြပြီး အဆိုပါ  (၃၈၅) ဦးတို့အနက် မဲရုံ-၁ တွင် မဲဆန္ဒရှင် (၁၆၂) ဦး၊  မဲရုံ-၂ တွင် မဲဆန္ဒရှင်(၉၈) ဦး၊  မဲရုံ-၃တွင် မဲဆန္ဒရှင်(၁၂၅) ဦး လာရောက်ဆန္ဒမဲပေးခဲ့ကြကြောင်း သိရသည်။ 

 

ထို့ပြင် ဂျပန်နိုင်ငံ၌ ရောက်ရှိနေကြသော မဲဆန္ဒပေးပိုင်ခွင့်ရှိသူ မြန်မာနိုင်ငံသားများသည်  ယနေ့တွင် မြန်မာသံရုံး၊ တိုကျိုမြို့၌ ကြိုတင်ဆန္ဒမဲပေးမှုများ စတင်ပြုလုပ်ခဲ့ပြီး မဲဆန္ဒရှင် (၁၁၅၉) ဦး စည်းကမ်းတကျ လာရောက် ဆန္ဒမဲပေးခဲ့ကြသည်။ မဲဆန္ဒရှင်များအနေဖြင့် ကိုဗစ်-၁၉  တားဆီးကာကွယ်ရေး အစီအမံကိုလည်း အလေးထားလိုက်နာ ဆောင်ရွက်ခဲ့ကြပြီး ကြိုတင်ဆန္ဒမဲပေးရန် လာရောက်ကြသူများကို မြန်မာသံရုံးမှဝန်ထမ်းများ၊ ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများနှင့် လူငယ် Volunteers များက လိုအပ်သည်များ ပံ့ပိုးကူညီပေးခဲ့ကြသည်။

 

မြန်မာသံရုံး၊ တိုကျိုမြို့အနေဖြင့် Tokai ဒေသရှိ Aichi, Gifu, Mie, Shizuoka ပြည်နယ်များမှ မြန်မာနိုင်ငံသား မဲဆန္ဒရှင်များအတွက် Aichi ပြည်နယ်၊ နာဂိုယာမြို့၊ မြန်မာနိုင်ငံဆိုင်ရာ ဂုဏ်ထူးဆောင်ကောင်စစ်ဝန်ချုပ်ရုံး၌ အောက်တိုဘာ ၁၁ ရက်အထိ မဲရုံခွဲဖွင့်လှစ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

ရုရှားနိုင်ငံသို့ ရောက်ရှိနေသာ မြန်မာနိုင်ငံသားများကလည်း မြန်မာသံရုံး၊ မော်စကို မြို့၌ ယနေ့တွင် မဲဆန္ဒရှင် ( ၁၀၀ ) ကြိုတင်ဆန္ဒမဲများ စတင်လာရောက်မဲပေးခဲ့ကြောင်း သိရသည်။ 

 

ထို့ပြင် မြန်မာသံရုံး၊ ဆိုးလ်မြို့၌ ယနေ့တွင် ဒုတိယနေ့ မဲပေးမှုဆက်လက် ပြုလုပ်ခဲ့ရာ မဲဆန္ဒရှင်ဉီးရေ (၁၇၃၇) ဦးကျော်သည် အနယ်နယ်အရပ်ရပ်မှ အဝေးပြေး ကားကြီးများကို စင်းလုံးငှား၍လည်းကောင်း၊ အဖွဲ့လိုက်လည်းကောင်း၊ တစ်ဉီးချင်း တစ်ယောက်ချင်းအလိုက်လည်းကောင်း သံရုံးသို့ လာရောက်မဲပေးခဲ့ကြသည်။

 

အလားတူ ဘရူနိုင်းနိုင်ငံသို့ ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများသည် မြန်မာသံရုံး၊ ဘန်ဒါဆရီဘီဂါဝန်မြို့၌ အောက်တိုဘာ ၂ ရက်မှစတင်၍ ကြိုတင်ဆန္ဒမဲပေးခြင်းကို စတင်ဆောင်ရွက်ခဲ့ရာ ပထမနေ့တွင် (၈၃)ဦးနှင့် ယနေ့ (၇၀)ခန့် လာရောက် ဆန္ဒမဲပေးခဲ့ကြောင်းနှင့် ဘရူနိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ ပရဟိတအဖွဲ့များမှ လာရောက် ကူညီပံ့ပိုးခဲ့ကြောင်း သိရသည်။

 

ကြိုတင်ဆန္ဒမဲပေးရန် မြန်မာသံရုံးများသို့ ရောက်ရှိလာသည့် နိုင်ငံသားများအား ကိုဗစ်-၁၉  ရောဂါတားဆီး ကာကွယ်ရေးဆိုင်ရာ ချမှတ်ထားရှိသည့် ကျန်းမာရေးဆိုင်ရာ ချမှတ်ထားရှိချက်များနှင့်အညီ သံရုံးအဝင်ဝတွင် ကိုယ်အပူချိန်တိုင်းခြင်း၊ လက်ဆေးခြင်း၊  Face Mask ဖြန့်ဝေတပ်ဆင်ခြင်း၊ သက်ဆိုင်ရာနိုင်ငံအလိုက် ကိုဗစ်-၁၉  တားဆီးကာကွယ်ရေး အစီအမံကိုလည်း အလေးထား လိုက်နာဆောင်ရွက်ခဲ့ကြကြောင်းနှင့် ယနေ့ တွင် မြန်မာသံရုံး(၆) ရုံး၌ မြန်မာနိုင်ငံသားများ ကြိုတင်ဆန္ဒမဲများပေးခဲ့ကြောင်း သိရသည်။

 

(သတင်းစဉ်)