ထိုင်းနိုင်ငံ ကြက်ခြေနီအသင်းမှ ကိုယ်စားလှယ်များ မြောက်ဦးမြို့သို့ လေ့လာရေး ရောက်ရှိ

မြောက်ဦး ၁၄ ဖေဖော်ဝါရီ

 

ရခိုင်ရှေးဟောင်းယဉ်ကျေးမှု ဘုရားစေတီပုထိုးများ၊ ရခိုင်ယဉ်ကျေးမှု အမွေအနှစ်လက်ရာများ၊ သဘာဝ အလှရှုခင်းများ၊ သျှစ်သောင်းပုထိုးတော်ကြီး၊ အံတော်သိမ်ပုထိုးတော်ကြီး၊ ကိုးသောင်းပုထိုးတော်ကြီး၊ ထုက္ကန့်သိမ်ပုထိုးတော်ကြီး၊ လောကမာရ်အောင်စေတီ၊ ရတနာ့မာရ်အောင်စေတီ၊ မင်္ဂလာမာရ်အောင်စေတီ၊ သကျမာရ်အောင်စေတီ၊ ဇိနမာရ်အောင်စေတီ၊ တိုင်းရင်းသားများ၏ ရိုးရာဓလေ့များနှင့် ရခိုင်ယဉ်ကျေးမှု အမွေအနှစ်များတည်ရှိရာ အနုပညာ ဗိသုကာလက်ရာများ၊ ရှေးဟောင်းသမိုင်းဝင် အထင်ကရနေရာများကို လေ့လာနိုင်ရန် မြောက်ဦးမြို့သို့ ဖေဖော်ဝါရီ ၁၄ ရက် နံနက် ၉ နာရီက ထိုင်းနိုင်ငံကြက်ခြေနီအသင်းမှ ကိုယ်စားလှယ်များ  လာရောက်လည်ပတ်လျက် ရှိကြောင်း သိရသည်။

 

မြောက်ဦးမြို့သို့ လာရောက် လည်ပတ်လျက်ရှိသော ထိုင်းနိုင်ငံကြက်ခြေနီအသင်းမှ ကိုယ်စားလှယ် Mr.Tej Bunnag က မြောက်ဦးမြို့သို့ လာရောက် လည်ပတ်ရသည့်အတွက် အလွန်ပျော်ရွှင် ကျေနပ်မိကြောင်း၊ ရှေးဟောင်း ရခိုင်ယဉ်ကျေးမှု အမွေအနှစ်များ၊ ရခိုင်အနုပညာ ဗိသုကာလက်ရာများကို အနီးကပ်မြင်ရသည့်အတွက် များစွာအံ့သြမိကြောင်း ပြောကြားခဲ့သည်။

 

မြောက်ဦးမြို့သို့ ပြည်တွင်း၊ ပြည်ပ ဘုရားဖူးဧည့်သည်များ၊ ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်လေ့လာမှုသည် တစ်နှစ်ထက် တစ်နှစ် အလွန်များပြားလျက်ရှိကြောင်း ခရိုင်ပြန်/ဆက်ဦးစီးဌာနမှ သတင်းပေးပို့ချက်အရ သိရသည်။

 

MDN