ကော့သောင်း ၊ ၁၁ ဇန်နဝါရီ
ထိုင်းနိုင်ငံ ရနောင်းမြို့သို့ ဇန်နဝါရီ ၁၁ ရက် နံနက်ပိုင်းက ကုန်ပစ္စည်းများပို့ဆောင်ရန် တရားဝင်ခွင့်ပြုချက်မရှိဘဲ သွားရောက်ခဲ့သည့် မြန်မာနိုင်ငံမှ ပဲ့ချိတ်လှေတစ်စီးအား ထိုင်းတပ်မတော်(ရေ)မှ တားဆီးအရေးယူသည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ ပဲ့ချိတ်လှေသည် ထိုင်းနိုင်ငံ၊ ရနောင်းမြို့၊ ပါနန်ဆိပ်ကမ်းတွင် ကုန်ပစ္စည်းပို့ဆောင်ပြီး ပြန်လည်ထွက်ခွာလာရာ ထိုင်းနိုင်ငံပိုင် ရေပြင်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့ပွားမှု တားဆီးကာကွယ်ရေး တာဝန်ထမ်းဆောင်နေသည့် ထိုင်းဘုရင့်တပ်မတော် (တပ်မတော်-ရေ)၏ အထူးစစ်ဆင်ရေးတပ်ဖွဲ့များမှ တားဆီးစစ်ဆေးရာ ခွင့်ပြုချက်မယူဘဲ တရားမဝင် လာရောက်ခြင်းဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် အရေးယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဖြစ်စဉ်နှင့်စပ်လျဉ်း၍ ပဲ့ချိတ်လှေအား ထိုင်းနိုင်ငံ ဆိပ်ကမ်းအာဏာပိုင် လုပ်ထုံးလုပ်နည်းများအရ ဒဏ်ငွေ ပေးဆောင်စေပြီး လှေမောင်းနှင်သူ ဦးစိန်အား ထိုင်းနိုင်ငံသို့ ကုန်ပစ္စည်းပို့ဆောင်ခွင့် ခုနစ်ရက်ပိတ်ပင်သည့် အပြစ်ပေးကာ ပြန်လည်စေလွှတ်ခဲ့ကြောင်း သိရသည်။
ကျော်စိုး(ကော့သောင်း)


