နေပြည်တော် ၉ ဧပြီ 

ထိုင်းနိုင်ငံ သုဝဏ္ဏဘူမိလေဆိပ်တွင် သောင်တင်နေသည့် မြန်မာနိုင်ငံသား ၇ ဉီးကို ဧပြီ ၈ ရက်တွင် မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ယူနိုင်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ ထုတ်ပြန်ချက်တွင် ကမ္ဘာတစ်ဝန်း၌ ဖြစ်ပွားလျက်ရှိသည့် ကိုဗစ်-၁၉ ရောဂါကူးစက်မှု ကာကွယ်တားဆီးရေးအတွက် မြန်မာနိုင်ငံသို့ ပျံသန်းသည့် ခရီးသည်တင်လေယာဉ်များ ရုတ်တရက် ရပ်ဆိုင်းလိုက်ခြင်းကြောင့် ထိုင်းနိုင်ငံ သုဝဏ္ဏဘူမိလေဆိပ် Transit Area တွင် သောင်တင်နေခဲ့သည့် မြန်မာနိုင်ငံသား ၇ ဦးကို ဧပြီ ၈ ရက်၌ မြန်မာ့အမျိုးသားလေကြောင်း ကုန်တင်လေယာဉ် (Cargo Flight) ဖြင့် ရန်ကုန်မြို့သို့ ပြန်လည်ခေါ်ဆောင်ခဲ့ကြောင်း။

ယင်းမြန်မာနိုင်ငံသား ၇ ဉီးကို ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက်ခွင့် ရရှိရေးအတွက် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးမှ တာဝန်ရှိသူများက လေဆိပ်သို့သွားရောက်ပြီး ထိုင်းနိုင်ငံမှ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ညှိနှိုင်းဆွေးနွေးခဲ့သော်လည်း ထိုင်းနိုင်ငံအစိုးရမှ လတ်တလော ချမှတ်ထားသည့် စည်းမျဉ်းကန့်သတ်ချက်များအရ ယင်းမြန်မာနိုင်ငံသား ၇ ဦးကို ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက်ခွင့်မပြုခဲ့ကြောင်း သိရသည်။

အဆိုပါ မြန်မာနိုင်ငံသား ၇ ဦးတွင် အမျိုးသမီး ၂ ဦးနှင့် အမျိုးသား ၅ ဦးပါဝင်၍ ၎င်းတို့သည် ကျန်းမာရေးကောင်းမွန်ပြီး သက်ဆိုင်ရာနိုင်ငံမှထုတ်ပေးသည့် Fit Certificate ပါရှိကြောင်းလည်း သိရသည်။

ထို့ကြောင့် ဘန်ကောက်မြို့ရှိ မြန်မာသံရုံးမှ တာဝန်ရှိသူများက ဧပြီ ၈ ရက်တွင် ဘန်ကောက်မြို့ သုဝဏ္ဏဘူမိလေဆိပ်မှ မြန်မာအမျိုးသားလေကြောင်းလိုင်း ကုန်တင်လေယာဉ် (Cargo Flight) ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ယူရေးအတွက် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း။

၎င်းတို့အနေဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိချိန်၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များနှင့်အညီ စောင့်ကြပ်ကြည့်ရှုစစ်ဆေးခြင်း (Quarantine) ၁၄ ရက်ကို ခံယူလျက်ရှိကြောင်း သိရသည်။ 

ထက်လျှံ