နေပြည်တော် ဇွန် ၂၇
ထိုင်းနိုင်ငံရွေးကောက်ပွဲကော်မရှင်ရုံး အထွေထွေအတွင်းရေးမှူးချုပ်၏ ဖိတ်ကြားချက်အရ ဇွန် ၂၄ ရက်မှ ၂၇ ရက်အထိ ထိုင်းနိုင်ငံအထက်လွှတ်တော်ရွေးချယ်ပွဲ (Thai Senate Selection) လေ့လာစောင့်ကြည့်ရေးအစီအစဉ်သို့ သွားရောက်ခဲ့သည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးမြင့်ဦးနှင့် ဦးခင်မောင်ဦးတို့သည် ယနေ့ ညနေ ၅ နာရီ ၂၅ မိနစ်တွင် ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် ပြန်လည်ရောက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။
လေ့လာစောင့်ကြည့်ရေးခရီးစဉ်အတွင်း ကိုယ်စားလှယ်အဖွဲ့သည် ဇွန် ၂၅ ရက်က Asawin Grand Convention Hotel ၌ ကျင်းပပြုလုပ်သော အထက်လွှတ်တော်ရွေးချယ်ပွဲဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနှင့် ရွေးချယ်ပွဲဆိုင်ရာပြစ်မှုများ ရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားသို့ တက်ရောက်ပြီး ဇွန် ၂၆ ရက်တွင် IMPACT Forum Convention Centre ၌ ကျင်းပပြုလုပ်သော နိုင်ငံအဆင့် အထက်လွှတ်တော်ကိုယ်စားလှယ် ရွေးချယ်မှုလုပ်ငန်းစဉ်အဆင့်ဆင့်ကို လေ့လာစောင့်ကြည့်ခြင်းတို့ ဆောင်ရွက်ကာ လေ့လာရေးခရီးစဉ်သို့ တက်ရောက်လာသည့် နိုင်ငံတကာ ရွေးကောက်ပွဲကော်မရှင်၊ အဖွဲ့အစည်းအသီးသီးတို့မှ တာဝန်ရှိသူများနှင့် အမြင်ခြင်းဖလှယ်ခွင့်များ ရရှိခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်


