ခန့်ဇော်(ကျေးလက်)

 

ထိုင်းနိုင်ငံတွင် သမဝါယမစနစ်ကို လွန်ခဲ့သောနှစ်ပေါင်း ၁၀၀ ကျော်၊ ၁၉၁၅ ခုနှစ်ဝန်းကျင်ကတည်းက စတင်ခဲ့ပြီး ၁၉၁၆ ခုနှစ်တွင် ပထမဆုံးသော သမဝါယမအသင်း Wat Chan Cooperative Unlimited Liability ကို Phitsanulok ၌ အစိုးရက ဖွဲ့စည်းတည်ထောင်ခဲ့သည်။ အကြွေးမဆပ်နိုင်သည့် တောင်သူများအား အကူအညီပေးနိုင်ရန် ကျေးရွာချေးငွေသမဝါယမ အသင်းငယ်လေးတစ်ခုအဖြစ် စတင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သော်လည်း နောက်ပိုင်းတွင် လုပ်ကွက်ငယ်တောင်သူများ၏ စီးပွားရေးဖူလုံမှုမှတစ်ဆင့် ကုန်သွယ်နိုင်မှု အဆင့်အထိ စီးပွားရေးလုပ်ငန်းများ တိုးတက်လာအောင် ရည်ရွယ်ခဲ့ပြီး သမဝါယမစနစ်တွင် စိုက်ပျိုးရေး၊ ချေးငွေနှင့် ဝန်ဆောင်မှုကဏ္ဍများပါ ပါဝင်လာခဲ့ကြောင်း လေ့လာတွေ့ရှိရပါသည်။

 

၂၀၁၇ ခုနှစ်က ထိုင်းနိုင်ငံ၏ GDP တွင် သမဝါယမ အသင်းများ၏ အထောက်အကူပြုနိုင်မှုသည် ၁၃ ရာခိုင်နှုန်းခန့်ရှိပြီး သမဝါယမအသင်းအားလုံး လည်ပတ်နေသည့် လုပ်ငန်းတန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၆၄ ဒသမ ၉ ဘီလီယံခန့်ရှိကြောင်း သိရ သည်။ ၂၀၂၄ ခုနှစ်တွင် ထိုင်းနိုင်ငံ၌ သမဝါယမ အသင်းပေါင်း ၈၁၃၀ ကျော်ရှိပြီး နိုင်ငံလူဦးရေ၏ ၁၉ ရာခိုင်နှုန်းခန့်၊ အသင်းသား ၁၂ သန်းခန့်သည် သမဝါယမအဖွဲ့ဝင်များဖြစ်ပြီး  ၎င်းတို့အနက် တစ်ဝက်ခန့်သည်   စိုက်ပျိုးရေးဆိုင်ရာသမဝါယမ အသင်းဝင်များဖြစ်ကြသည်။

 

၁၉၆၈  ခုနှစ်တွင်   စတင်တည်ထောင်ခဲ့သည့် ထိုင်းနိုင်ငံ သမဝါယမအသင်းအဖွဲ့ချုပ် (The Cooperative League  of  Thailand) သည် ထိုင်းနိုင်ငံရှိ သမဝါယမအသင်းအားလုံးကို ကိုယ်စားပြုသည့် အမျိုးသားအဆင့် အဖွဲ့ချုပ်ဖြစ်သည်။ ထိုင်းနိုင်ငံရှိ သမဝါယမစနစ်၏ ထူးခြားချက်မှာ အစိုးရအဖွဲ့အစည်းနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်း၊ အဖွဲ့အစည်း နှစ်ရပ်လုံးမှ သမဝါယမကဏ္ဍဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်လျက်ရှိခြင်းပင် ဖြစ်သည်။

 

ကဏ္ဍအလိုက် သမဝါယမအသင်းများရှိခြင်း

 

ထိုင်းနိုင်ငံတွင် သမဝါယမအသင်းများကို ကဏ္ဍများအလိုက်ဖွဲ့စည်းထားရှိရာ ယေဘုယျအား ဖြင့် အမျိုးအစား ခုနစ်မျိုးခန့် ခွဲ့ခြားနိုင်ပြီး စိုက်ပျိုးရေးနှင့် ဆက်စပ်ကဏ္ဍများတွင် ၅၃ ရာခိုင်နှုန်း၊ ချေးငွေကဏ္ဍတွင် ၂၁ ရာခိုင်နှုန်း၊ ဝန်ဆောင်မှုကဏ္ဍ တွင် ၁၅ ရာခိုင်နှုန်း၊ ချေးငွေရယူသူများတွင် ၉ ရာခိုင်နှုန်းနှင့် စားသုံးသူကဏ္ဍတွင် ၂ ရာခိုင်နှုန်း စသည်ဖြင့် တွေ့ရှိရသည်။

 

ထိုင်းနိုင်ငံအစိုးရအနေဖြင့်လည်း စိုက်ပျိုးရေးနှင့် သမဝါယမဝန်ကြီးဌာန ကွပ်ကဲမှုအောက်တွင် သမဝါယမကဏ္ဍ မြှင့်တင်ရေးဦးစီးဌာန (Coopera- tive Promotion Department-CPD) ကို ၁၉၇၂ ခုနှစ်တွင်ဖွဲ့စည်းခဲ့ပြီး ဗဟိုအဆင့်နှင့် ပြည်နယ်အဆင့် သမဝါယမကဏ္ဍ မြှင့်တင်ရေးလုပ်ငန်းများကို ဆောင်ရွက်စေခဲ့သည်ကို တွေ့ရသည်။

 

အခြေခံလူတန်းစားပြည်သူများနှင့် လုပ်ကွက်ငယ်တောင်သူများအတွက် ငွေကြေးဝန်ဆောင်မှုများ ရရှိနိုင်စေရန် လူထုအခြေပြု ဘဏ္ဍာရေးသမဝါယမ အသင်းများ အားကောင်းလာစေရေး အလေးပေးဆောင်ရွက်ခဲ့သည်ကို တွေ့ရသည်။ သမဝါယမကဏ္ဍ အဆင့်ဆင့်ပြောင်းလဲလာမှု၏ နောက်ကွယ်တွင် ကျောထောက်နောက်ခံပြု ဥပဒေများသည်လည်း လိုအပ်ချက်နှင့်လျော်ညီစွာ ပြင်ဆင်ပြဋ္ဌာန်းထားမှုများ ရှိခဲ့သည်ကို လေ့လာသိရှိရပါသည်။

 

သမဝါယမဥပဒေ

 

ထိုင်းနိုင်ငံ၏ ပထမဆုံးသော သမဝါယမဥပဒေ ကို ၁၉၁၄ ခုနှစ်တွင် အတည်ပြုပြဋ္ဌာန်းခဲ့ပြီး ၁၉၁၆ ခုနှစ်တွင် ပထမအကြိမ်ပြင်ဆင်ခဲ့သည်။ ၁၉၂၈ ခုနှစ်တွင် သမဝါယမအသင်းများအက်ဥပဒေကို အတည်ပြုခဲ့ပြီး ၁၉၁၄ ခုနှစ် သမဝါယမအသင်း ဥပဒေကိုတော့ လွှမ်းမိုးပယ်ဖျက်ခဲ့သည်။ ၁၉၆၈ ခုနှစ်တွင် သမဝါယမအသင်းများ အက်ဥပဒေကို ပထမအကြိမ်ပြင်ဆင်ခဲ့ပြီး ၁၉၉၉ ခုနှစ်တွင် ဒုတိယ အကြိမ် ပြင်ဆင်ခဲ့သည်။ ၂၀၁၀ ပြည့်နှစ်တွင် တတိယအကြိမ်ပြင်ဆင်ခဲ့ရာ ယခင်အက်ဥပဒေအား ပြင်ဆင်သည့်ပုဒ်မ (၁၈) ခု ပါဝင်ပါသည်။

 

၂၀၁၀ ပြည့်နှစ် ဥပဒေပြင်ဆင်ချက်၏ အဓိကအချက်များ

 

အဓိကပြင်ဆင်ခဲ့သည့် အချက်များမှာ သမဝါယမကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးမူဝါဒများ၊ လမ်းညွှန်ချက်များဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေးနှင့် သမဝါယမပြည်ထောင်စုဝန်ကြီးထံသို့ အကြံပြုတင်ပြရန် အမျိုးသားအဆင့် သမဝါယမဖွံ့ဖြိုးတိုးတက်ရေး ဘုတ်အဖွဲ့အား လုပ်ပိုင်ခွင့်အာဏာနှင့် တာဝန်ပေးအပ်ခြင်း၊ လူမှုရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအစီအစဉ်များ ရေးဆွဲသည့်ကာလနှင့်အညီ သမဝါယမအသင်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မူဝါဒများနှင့် အစီအမံများရေးဆွဲရမည်ဖြစ်ခြင်း၊ စိုက်ပျိုးရေး၊ ရေလုပ်ငန်း၊ မြေယာအခြေချမှု၊ စားသုံးသူ၊ စားဝတ်နေရေးနှင့် ချေးငွေ၊ ဝန်ဆောင်မှုနှင့် ချေးငွေယူနီယံစသည့် သမဝါယမကဏ္ဍ ခုနစ်ခုလုံးကို မြှင့်တင်ပေးရမည်ဖြစ်ခြင်း၊ ထိုင်းနိုင်ငံသားများသာလျှင် သမဝါယမ အသင်းဝင်ဖြစ်ခွင့် ရှိခြင်းတို့ဖြစ်သည်။ မြန်မာနိုင်ငံတွင်လည်း လက်ရှိသမဝါယမအသင်း ဥပဒေအား ပြင်ဆင်ရန် စီစဉ်လျက်ရှိရာ ခေတ်စနစ် နှင့်အညီ ပြင်ဆင်ရန်လိုအပ်သည်များကို ပြင်ဆင်ရန်၊ တိုးတက်ကောင်းမွန်စေမည့် ထည့်သင့် ထည့်ထိုက်သည့်အချက်များအား ထည့်သွင်း ဖြည့်စွက်ရန် ဆောင်ရွက်လျက်ရှိပါသည်။

 

ထိုင်းနိုင်ငံ၏ စိုက်ပျိုးရေးဆိုင်ရာ သမဝါယမကဏ္ဍ

 

ထိုင်းနိုင်ငံ၏ စိုက်ပျိုးရေးဆိုင်ရာ သမဝါယမကဏ္ဍတွင် စိုက်ပျိုးရေး၊ ငါးလုပ်ငန်းနှင့် မြေယာ အသုံးချမှုဟူ၍ အမျိုးအစား (၃)မျိုး ခွဲခြားထားပြီး စိုက်ပျိုးရေးအခြေပြုသမဝါယမအသင်းတွင် နိုင်ငံလူဦးရေ၏ ၁၀ ရာခိုင်နှုန်းခန့်မှာ အသင်းဝင်များ ဖြစ်ကြသည်။

 

Photong စိုက်ပျိုးရေးသမဝါယမအသင်း

 

၁၉၃၆ ခုနှစ်တွင် သမဝါယမအသင်း ငါးသင်းကို အဖွဲ့ဝင် ၇၆ ဦးဖြင့် စတင်တည်ထောင်ခဲ့ပြီး ၃၉၉၀၀ ဘတ်ဖြင့် စတင်လည်ပတ်ခဲ့ရာ ၁၉၇၀ ပြည့်နှစ် အောက်တိုဘာလ ၁ ရက်နေ့တွင် အသင်းသား ၂၈၈ ဦး၊ လည်ပတ်ရန်ပုံငွေ ၈၄၄၆၈၀ ဖြင့် ဆောင်ရွက် နိုင်ခဲ့သည်ကို တွေ့ရသည်။ ၁၉၇၁ ခုနှစ်တွင် “Photong စိုက်ပျိုးရေး သမဝါယမလီမိတက်ဟု ပြောင်းလဲခဲ့ပြီး ၁၉၇၆ ခုနှစ် မေလ ၁ ရက်နေ့တွင် Photong Cooperative Ltd.၊ Photong Rice Selling Cooperative Ltd.နှင့် Photong Land Cooperative Ltdတို့ဖြင့် ပေါင်းစပ်ဖွဲ့စည်းခဲ့ပြီး ဆန်လုပ်ငန်းအတွက် အခြောက်ခံခြံ၊ ထရပ်ကားများနှင့် ဂိုဒေါင်များ၊ အဆောက်အဦ၊ ဗဟိုဈေးများ ပိုင်ဆိုင်လျက်ရှိကြောင်း တွေ့ရှိရပါသည်။

 

ဗဟိုဈေး/ ဗဟိုဈေးကွက်

 

သမဝါယမအသင်းဗဟိုဈေးတွင် ကုန်ပစ္စည်းများသိုလှောင်ရာနေရာ၊ ဆန်အခြောက်ခံရာနေရာနှင့် ကတ္တားတို့ ပါဝင်ပြီး ယင်းသည် ရောင်းသူနှင့် ဝယ်သူ တွေ့ဆုံရာနေရာလည်းဖြစ်သည်။ အဆောက်အဦ အားလုံးကို CPD မှ ကျခံဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ၂၀၀၂ ခုနှစ်တွင် ၎င်းဈေးကွက်မှ ဆန်တန်ချိန် ၁၅၀၀၀၀ ခန့် ရောင်းချနိုင်ခဲ့ကြောင်း သိရှိရသည်။ အသင်းဝင်မဟုတ်သော လယ်သမားများအနေဖြင့် ဗဟိုစျေးရှိ အထောက်အကူပြု ပစ္စည်းများကို အသုံးပြုနိုင်သော်လည်း အသင်းမှရရှိသည့် အကျိုးအမြတ်ကိုမူ အသင်းဝင်လယ်သမားများသာ ခံစားခွင့်ရှိမည်ဖြစ်သည်။ စျေးကွက်တွင် ဆန် တစ်တန် ရောင်းချနိုင်ပါက ဘတ် ၅၀ ရရှိကြောင်း သိရှိရသည်။ အသင်းအနေဖြင့် ဆန်များဝင်ရောက် ရောင်းချခြင်းမရှိဘဲ လယ်သမားများကိုယ်တိုင် ဝယ်သူများနှင့် ပွင့်လင်းမြင်သာစွာ ဈေးနှုန်းညှိနှိုင်း ရောင်းချနိုင်သည်ကို တွေ့ရသည်။

 

ဘက်စုံစျေးကွက်ရှာဖွေရေး မဟာဗျူဟာ ချမှတ်ခဲ့သည့် KAC စိုက်ပျိုးရေးသမဝါယမအသင်း

 

၁၉၉၄ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သည့် Khao Kitchakuod(KAC) စိုက်ပျိုးရေးသမဝါယမအသင်း သည် အဖွဲ့ဝင် ၁၄၀၀ ကျော်ရှိပြီး အသင်း၏အဓိက လုပ်ဆောင်ချက်မှာ အရည်အသွေးပြည့်မီသော သစ်သီးဝလံများ ထုတ်လုပ်ခြင်းနှင့် ဈေးကွက်ချဲ့ထွင်ခြင်းတို့ဖြစ်သည်။ Khao Kitchakuod ခရိုင်မှ နှစ်စဉ် သစ်သီးဝလံ ထုတ်လုပ်မှုနှင့် တင်ပို့ရောင်းချရမှု လည်ပတ်ငွေပမာဏမှာ ပျမ်းမျှအမေရိကန် ဒေါ်လာ ခုနစ်သန်းကျော် ရှိသည့်အတွက် နိုင်ငံတော်အဆင့် သစ်သီးဝလံထုတ်လုပ်တင်ပို့သူများအသင်း ဖြစ်ပါသည်။

 

ဘက်စုံဈေးကွက် မဟာဗျူဟာသည် အောက်ခြေမှ အထက်သို့တက်သည့် မဟာဗျူဟာကို အခြေခံထားပြီး ဈေးကွက်ပေါင်းစည်းရေး ဆောင်ရွက်ချက်များ၊ ကောင်းမွန်သောစိုက်ပျိုးရေးကျင့်စဉ်များ (Good Agricultural Practices-GAP)ကို အခြေခံသည့် အရည်အသွေးဦးစားပေး သီးနှံစိုက်ပျိုးထုတ်လုပ်မှုများ၊ တန်ဖိုးမြှင့် ထုတ်ကုန်များ ထုတ်လုပ်နိုင်မှုနှင့် အသင်းဝင်အချင်းချင်း ပူးပေါင်း ဆောင်ရွက်မှုမြှင့်တင်ခြင်း နည်းလမ်းများကို အဓိက ဦးစားပေး ရေးဆွဲထားရှိခြင်းဖြစ်သည်။

 

အာဆီယံနိုင်ငံများအကြား  သမဝါယမကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများ

 

ထိုင်းနိုင်ငံသည် အာဆီယံဒေသတွင်း သမဝါယမအသင်းများအကြား စိုက်ပျိုးရေးနှင့် အခြားထုတ်ကုန်များ အတွက် စျေးကွက်မြှင့်တင်နိုင်ရန် ရည်ရွယ်၍ ၂၀၁၉ ခုနှစ်တွင် (၈) ကြိမ်မြောက် အာဆီယံ သမဝါယမကဏ္ဍ စီးပွားရေးလုပ်ငန်းဖိုရမ်ကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ပြီး အတွေ့အကြုံများ နှီးနှောဖလှယ်ခဲ့ကြသည်။ စီးပွားရေး၊ ကုန်သွယ် မှု၊ စက်မှုလုပ်ငန်း၊ ဝန်ဆောင်မှုနှင့် သမဝါယမအသင်းများအကြား ပေါင်းစပ်ညှိနှိုင်းမှုကို မြှင့်တင်နိုင်ရေး အတွက် ထိုင်း-အာဆီယံစင်တာနှင့် သတင်းအချက်အလက် ဗဟိုဌာန သမဝါယမအသင်းချုပ် (Thai-ASEAN Center and Information Hub)ကို တည်ထောင်ခဲ့သည်။

 

သမဝါယမအသင်းနှင့် အစိုးရအဖွဲ့အစည်းများအကြား ဆက်ဆံရေး

 

သမဝါယမမြှင့်တင်ရေးဦးစီးဌာနနှင့် စိုက်ပျိုးရေးနှင့် သမဝါယမဝန်ကြီးဌာန၏ သမဝါယမစာရင်း စစ်ဆေးရေး ဦးစီးဌာနကဲ့သို့သော အစိုးရဌာနများသည် သမဝါယမအသင်းအဖွဲ့အားလုံးနှင့် ချိတ်ဆက်ပူးပေါင်း ဆောင်ရွက်မှုရှိပြီး အောက်ပါတို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း တွေ့ရသည်-

 

(က) ဥပဒေပြုရေး၊မှတ်ပုံတင်ရေးနှင့် သမဝါယမ စနစ် အားကောင်းစေရေး၊

( ခ ) နိုင်ငံတစ်ဝန်းရှိ လေ့ကျင့်ရေးစင်တာ ၁၀ ခုမှတစ်ဆင့် သမဝါယမကဏ္ဍ စွမ်းဆောင်ရည်မြှင့်တင်ရေးနှင့် လေ့ကျင့် ရေးသင်တန်းများ ပို့ချပေးခြင်း၊

( ဂ ) သမဝါယမအသင်းများအား နည်းပညာ အကူအညီများပေးခြင်း၊

(ဃ) သမဝါယမကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေမှ သမဝါယမအသင်းများသို့ ငွေကြေးအကူအညီ/ အထောက်အပံ့များ ပေးခြင်း၊

( င ) မှန်ကန်သည့် လမ်းညွှန်ချက်များနှင့် ဦးတည်ချက်များ ချမှတ်ပေးခြင်း။

 

ပြည်နယ်သမဝါယမကဏ္ဍမြှင့်တင်ရေး ဦးစီး ဌာနများသည် သမဝါယမအသင်းများအား နည်းပညာ အကူအညီများ ပံ့ပိုးပေးသော်လည်း လုပ်ငန်းများတွင် ဝင်ရောက်စွက်ဖက်မှုမရှိကြောင်း သိရှိရပါသည်။

 

ထိုင်းနိုင်ငံ၏ သမဝါယမကဏ္ဍဆောင်ရွက်ချက်များ

 

ထိုင်းအစိုးရသည် သမဝါယမလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိလာစေရန်နှင့် ပြည်တွင်း စီးပွားရေး လုပ်ငန်းများနှင့် စက်မှုလုပ်ငန်းများကြား ချိတ်ဆက်မိစေရန် ၂၀၁၈ ခုနှစ်တွင် စတင်ဆောင်ရွက်သည်။

 

၂၀၁၁ ခုနှစ်တွင် အစိုးရက ပင်လယ်ဆားထုတ်လုပ်ခြင်းကို လယ်ယာလုပ်ငန်းအမျိုးအစားတစ်ခုအဖြစ် သတ်မှတ်ခဲ့ပြီး ထုတ်လုပ်သူများအား တောင်သူများအဖြစ် အသိအမှတ်ပြုခဲ့သဖြင့် ပင်လယ်ဆား ထုတ်လုပ်ခြင်း လုပ်ငန်းသည် မဟာဗျူဟာမြောက် ဦးစားပေးလုပ်ငန်းတစ်ခု ဖြစ်လာခဲ့ပြီး ဆားသမဝါယမအသင်းများသည် ထိုင်းနိုင်ငံ၏ အလားအလာကောင်းသော စီးပွားရေးလုပ်ငန်းများ ဖြစ်လာခဲ့သည်။

 

တစ်ဖက်တွင်လည်း စိုက်ပျိုးရေးသမဝါယမ အသင်းဝင်များအတွက် အခြေခံအုတ်မြစ်ဖြစ်သော စပါးမျိုးနှင့် ပဲစေ့မျိုးများကို သမဝါယမကဏ္ဍမြှင့်တင် ရေးဦးစီးဌာနမှ ထောက်ပံ့ပေးခဲ့ပြီး ထွက်ရှိလာသော အရည်အသွေးမြင့် စပါးနှင့် ပဲများကို ပြန်လည်ဝယ်ယူသည့်အစီအစဉ်ကို ဆောင်ရွက်ခဲ့သည်။ လယ်ယာထွက်ကုန်များ အရည်အသွေးပိုမို ကောင်းမွန်စေရန်အတွက် ဝယ်ယူပြီးသော မျိုးစေ့များကို တောင်သူများထံ ပြန်လည်ဖြန့်ဝေပေးသည်။ ထို့ပြင် တောင်သူများ၏ကြွေးမြီများ လျှော့ချနိုင်ရေး အတွက်လည်း စီမံချက်ဖြင့် ဆောင်ရွက်ပေးခဲ့သည် ကို တွေ့ရသည်။

 

လယ်သမားများ၏ ကြွေးမြီများ လျှော့ချရေးစီမံကိန်း

 

နိုင်ငံအတွင်းရှိ ဘတ်ငွေ တစ်သိန်းအောက် ကြွေးမြီရှိသော လယ်သမား ၁ ဒသမ ၅ သန်းခန့် အတွက် ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ပြီး နှစ်စဉ် အတိုးနှုန်း ၃ ရာခိုင်နှုန်း လျှော့ချပေးခဲ့သည့်အပြင် သုံးနှစ်ဆက်တိုက် ချေးငွေယူပိုင်ခွင့်ပေးခြင်းဖြင့် အတိုးနှုန်းမြင့်မားစွာ ချေးယူထားသည့်အကြွေးများအား ပြန်ဆပ်နိုင်စေခြင်း၊ လယ်ယာကုန်ထုတ် စွမ်းအားအတွက်ရင်းနှီးမြှုပ်နှံခြင်းတို့ကို ဆောင်ရွက် နိုင်စေခဲ့သည်။

 

မြေသြဇာဝယ်ယူရေးချေးငွေ

 

ထို့ပြင် သမဝါယမကဏ္ဍမြှင့်တင်ရေးဦးစီးဌာနသည် လယ်သမားအသင်းဝင်များအတွက် ဓာတ်မြေသြဇာနှင့် မျိုးစေ့ဝယ်ယူရေးအတွက် အတိုးနှုန်း သက်သာသောချေးငွေရရှိစေမည့် စီမံကိန်းကို ဆောင်ရွက်ပေးခဲ့သည့် အတွက် ရန်ပုံငွေကုန်ကျစရိတ်နှင့် လယ်ယာထွက်ကုန်များ၏ ကုန်ကျစရိတ်တို့ကို လျှော့ချနိုင်ပြီး လယ်သမားများ၏ဝင်ငွေ တိုးပွားစေခဲ့သည်ကို တွေ့ရှိရသည်။

 

သမဝါယမကဏ္ဍအတွက် ဘဏ္ဍာရေးဆိုင်ရာ အရင်းအမြစ်များ

 

ထိုင်းနိုင်ငံရှိ သမဝါယမအသင်းများတွင်မူ အခြားနိုင်ငံများကဲ့သို့ပင် ငွေကြေးထောက်ပံ့မှု အရင်းအမြစ်များ ရှိသည်ကိုတွေ့ရပြီး ယင်းတွင်အဖွဲ့ဝင်များ၏ရှယ်ယာများ၊ အဖွဲ့ဝင်များ၏အပ်ငွေများ၊ ပိုလျှံငွေများအပေါ် ဆောင်ရွက်ချက်များ၊ ပြင်ပချေးငွေ/ အထောက်အပံ့များ ပါဝင်သည်ကို တွေ့ရှိရသည်။ ထို့ပြင် သမဝါယမ ဖွံ့ဖြိုးရေးရန်ပုံငွေဟူ၍ရှိပြီး ယင်းကို သမဝါယမကဏ္ဍမြှင့်တင်ရေးဦးစီးဌာနမှ စီမံခန့်ခွဲကာ စိုက်ပျိုးရေး သမဝါယမဘဏ်မှ ချေးငွေမရရှိနိုင်သော သမဝါယမအသင်းများအတွက် ဆောင်ရွက်ပေးခြင်းဖြစ်သည်။ သမဝါယမကဏ္ဍ မြှင့်တင်ရေးဦးစီးဌာနတွင် ရန်ပုံငွေအတွက် စုစုပေါင်းဘတ်သန်း ၃၀၀၀ လျာထားပြီး ဘတ် တစ်သန်းအောက် ချေးငွေရယူခြင်းကို ပြည်နယ် အစိုးရမှ ဆုံးဖြတ်နိုင်သည်။ ဘတ် တစ်သန်းအထက် ဖြစ်ပါက ဗဟိုအဆင့်မှ ဆုံးဖြတ်သည်။

 

သမဝါယမကဏ္ဍနှင့် ပုဂ္ဂလိကကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု

 

ဘန်ကောက်မြို့ဆင်ခြေဖုံးရှိ ပုဂ္ဂလိကကုမ္ပဏီ တစ်ခုဖြစ်သည့် Patum Rice Mill ဆန်စက်သည် ဆန်များကို လယ်သမားများထံမှ တိုက်ရိုက်ဝယ်ယူခြင်း၊ ဆန်စက်များမှတစ်ဆင့် ဝယ်ယူခြင်းနှင့် စိုက်ပျိုးရေးသမဝါယမ အသင်းများထံမှ ဝယ်ယူခြင်းဖြင့် ပြည်တွင်း ပြည်ပသို့ ဆန်များတင်ပို့ရောင်းချ လျက်ရှိသည်။ အစိုးရအနေဖြင့် ပြည်ပသို့ ဆန်တင်ပို့မှုအတွက် စံချိန်စံညွှန်း သတ်မှတ်ပေးထားပြီးဖြစ်သော်လည်း ကုမ္ပဏီဘက်မှလည်း ဆန်အရည်အသွေးကို စဉ်ဆက်မပြတ် စစ်ဆေးရပြီး ထုတ်ကုန်အရည် အသွေးထိန်းချုပ်နိုင်ရန် စပါးအရည်အသွေးအလိုက် စျေးနှုန်းသတ်မှတ်ပေးသည်ကို တွေ့ရှိရသည်။

 

ယခုအချိန်တွင် စျေးကွက်ရှာဖွေရေးလုပ်ငန်းကို ပုဂ္ဂလိကကုမ္ပဏီများက အဓိကအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ အချို့သမဝါယမ အသင်းများသည် ပုဂ္ဂလိကကုမ္ပဏီများနှင့် စာချုပ်ချုပ်ဆို၍ ကုန်ပစ္စည်းများ တင်ပို့ရောင်းချလျက် ရှိသည်ကို တွေ့ရှိရသည်။

 

အစိုးရက စျေးကွက်ရှာဖွေရေးကို မူဝါဒပိုင်းအရ ပံ့ပိုးကူညီပေးခြင်း

 

ထိုင်းအစိုးရသည် စပါးထုတ်လုပ်မှုကို မြှင့်တင်နိုင်ရန်အတွက် ပြည်ပမှ စပါးဝယ်ယူခြင်းအား တားမြစ်သည့် ဥပဒေတစ်ရပ်ကို ထုတ်ပြန်ခဲ့ပြီး စပါးဈေးအနိမ့်ဆုံး သတ်မှတ်ဈေးထက် ကျသွားသည့်အခါ မူလသတ်မှတ် ဈေးနှုန်းဖြင့် အစိုးရက ဝယ်ယူပေးသည့် စျေးနှုန်းအာမခံစနစ်ကို ထူထောင်ပေးခဲ့သည်။

 

ဆင်းရဲမှုလျှော့ချခြင်းဖြင့် လူမှုရေးကဏ္ဍမြှင့်တင်ခြင်း

 

ထိုင်းနိုင်ငံရှိ သမဝါယမအသင်းအများစုသည် အသင်းဝင်များ၏ စီးပွားရေးလုပ်ငန်းများကို ပံ့ပိုးပေးရုံသာမက စွမ်းဆောင်ရည်မြှင့်တင်ရန်အတွက် လေ့ကျင့်ရေးသင်တန်းများပို့ချပေးခြင်း၊ ဆေးကုသစရိတ် ထောက်ပံ့ ပေးခြင်း၊ အဖွဲ့ဝင်များနှင့် ၎င်းတို့၏မိသားစုများအတွက် အခြေခံလူမှုဝန်ဆောင်မှုများပေးခြင်းတို့အတွက် လူမှုရေးရန်ပုံငွေများ ထူထောင်ထားရှိပြီး ၂၀၀၅ ခုနှစ်တွင် ထိုင်းနိုင်ငံရှိ စိုက်ပျိုးရေး သမဝါယမအသင်း ၃၇၁ သင်းသည် ၎င်းတို့၏ အသားတင်အမြတ်ငွေမှ ၄ ဒသမ ၆၆ ရာခိုင်နှုန်း (ဘတ် ၅၀၀၀ မှ ၅၀၀၀၀ ကြား) ကို ပညာရေးနှင့် လေ့ကျင့်သင်ကြားပေးရေးအတွက် ခွဲဝေပေးခဲ့ ကြောင်း လေ့လာသိရှိရပါသည်။

 

သမဝါယမအသင်းအဖွဲ့ဝင်တစ်ယောက် ဆုံးပါးသွားခဲ့ပါက နာရေးစရိတ်ကို မျှဝေကျခံခြင်းဖြင့် မိသားစုကို ကူညီရန်အတွက် “နာရေးကူညီမှုအသင်းကို ဖွဲ့စည်းတည်ထောင်ထားရှိပြီး ယင်းမှာကျေးလက်ဒေသရှိ သမဝါယမအသင်းများကြားတွင် လုပ်ရိုးလုပ်စဉ် (ထုံးစံ) တစ်ခုဖြစ်သည်။ ထို့ပြင်မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ်များ ကြုံလာပါကလည်း အရေးပေါ်ချေးငွေများ ထုတ်ချေးပေးခြင်း၊ မသန်စွမ်းသူများအား အများ ပြည်သူထံမှ အသိအမှတ်ပြုမှုရရှိရန် ကူညီပေးခြင်းဖြင့် မိမိကိုယ်ကို ယုံကြည်မှုရရှိနိုင်စေရန်အတွက် အားပေးလုပ်ဆောင်ခြင်းတို့ကိုလည်း ဆောင်ရွက်ပေးသည်။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် မျက်မမြင်နှင့် မသန်စွမ်းသူများအတွက် ချေးငွေသမဝါယမ အသင်းလီမိတက် (Credit Union Cooperative of the Blindness and the Disabled Limited)ကို ထူထောင်ထားရှိပြီး မသန်စွမ်းအဖွဲ့ဝင်များအား အရင်းအနှီးနှင့် ချေးငွေများပေးသည်။ အများစုမှာ ထီရောင်းခြင်းဖြစ်ပြီး လက်ရှိတွင် သမဝါယမ အသင်းသား ၁၁၇ ဦး၊ စုစုပေါင်းမတည်ငွေ ဘတ် ၈၀၀၀၀၀ ကျော်ဖြင့် လုပ်ငန်းလည်ပတ်လျက် ရှိသည်။

 

အချုပ်အားဖြင့်ဆိုရသော် အထက်ဖော်ပြပါ လေ့လာတွေ့ရှိချက်များအရ ထိုင်းနိုင်ငံရှိ သမဝါယမ လုပ်ငန်းများသည် ကဏ္ဍစုံဖွံ့ဖြိုးရေးကို ဦးတည် ဆောင်ရွက်လျက်ရှိပြီး အစိုးရ-ပုဂ္ဂလိက ချိတ်ဆက် ပူးပေါင်းဆောင်ရွက်မှု အားကောင်းစွာဖြင့် ဆောင်ရွက်နိုင်လျက်ရှိသည်။

 

ယခုအခါ မြန်မာနိုင်ငံတွင်လည်း ကဏ္ဍစုံဖွံ့ဖြိုးရေးအတွက် သမဝါယမစနစ်ကိုစံပြုသည့် ပူးပေါင်း ဆောင်ရွက်မှုပုံစံဖြင့် ဝန်ကြီးဌာနများအချင်းချင်း ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနိုင်ငံ သည် စိုက်ပျိုးရေးကို အခြေခံသည့်နိုင်ငံဖြစ်သည့်အတွက် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကုန်ထုတ်လုပ်မှု၊ ကုန်သွယ်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းများကို သမဝါယမစနစ်ဖြင့် ဆောင်ရွက်နိုင်မည်ဆိုပါက တောင်သူများ ဝင်ငွေ တိုးပွားလာသည်နှင့်အမျှ ဆင်းရဲမှုလျှော့ချရေး၊ နိုင်ငံ့စီးပွားမြင့်မားရေးတို့ကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်မည် ဖြစ်ပါကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

 

ကိုးကားစာရင်း

Cooperatives in Thailand (http://icaap.coop/sites/ica-ap.coop/files )

COOPERATIVE MOVEMENT IN THAILAND (2005)