ဗန်ကောက် နိုဝင်ဘာ ၁
ဟားမတ်စ်စစ်သွေးကြွများက ဖမ်းဆီးထားသည့် ထိုင်းနိုင်ငံသားများ ပြန်လည်လွတ်မြောက်ရေး အတွက် ညှိနှိုင်းဆွေးနွေးမှုများဆောင်ရွက်ရန် အရှေ့အလယ်ပိုင်းဒေသသို့ အောက်တိုဘာ ၃၁ ရက် တွင် ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပန်ပရီ ဘဟီဒါနူကာရာ သွားရောက်ခဲ့ကြောင်း သိရသည်။
၎င်းသည် ဟားမတ်စ်အဖွဲ့၏ ရုံးခွဲရှိရာ ကာတာနိုင်ငံ ဒိုဟာမြို့သို့ သွားရောက်ခြင်းဖြစ်ပြီး ၎င်းရုံးခွဲတွင် ဟားမတ်စ် ထိပ်တန်းခေါင်းဆောင်များ ရုံးထိုင်သည်။ ပန်ပရီသည် အစ္စရေးနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် အီဂျစ်နိုင်ငံသို့လည်း သွားရောက်မည်ဖြစ်သည်။
ပြီးခဲ့သည့် သီတင်းပတ်အတွင်းက အီဂျစ်နှင့်ကာတာ နိုင်ငံတို့၏ ကြားဝင်ညှိနှိုင်းမှုဖြင့် အစ္စရေး သက်ကြီးရွယ်အို ဓားစာခံ နှစ်ဦးကို ဟားမတ်စ်အဖွဲ့က ပြန်လွှတ်ပေးခဲ့သည်။ ပန်ပရီသည် အရှေ့ အလယ်ပိုင်းဒေသတွင် နိုဝင်ဘာ ၂ ရက်အထိ နေထိုင်မည်ဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဌာနက မှတ်ချက်ပြုပြောကြားသည်။
အစ္စရေးနိုင်ငံ တောင်ပိုင်းတွင် ယခုလအစောပိုင်းက ဟားမတ်စ်အဖွဲ့၏ ဝင်ရောက်တိုက်ခိုက်မှုအတွင်း ထိုင်းနိုင်ငံသား ၂၂ ဦးကို ဟားမတ်စ်အဖွဲ့က ပြန်ပေးဆွဲခဲ့ကြောင်းနှင့် ၎င်းဓားစာခံများအား အမြန်ဆုံး ပြန်လည်လွှတ်ပေးရန်တောင်းဆိုကြောင်း ထိုင်းအစိုးရက ပြောကြားသည်။
ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-စိုးသူရ