မိတ္ထီလာ ၂၂  ဇန်နဝါရီ

 

မိတ္ထီလာမြို့နယ် ညောင်ကုန်းကျေးရွာ အလိုတော်ပြည့်ကျောင်းတိုက်၌ ထိုင်းနိုင်ငံ ပီရာဗိတ်ဆေးရုံကြီးမှ အရိုးအကြောနှင့် အစာအိမ်အူလမ်းကြောင်းဆိုင်ရာ ဆရာဝန်နှစ်ဦးမှ ဇန်နဝါရီ ၂၁ ရက်မှ ၂၃ရက်အထိ အခမဲ့ရောဂါစမ်းသပ်ကုသပေးရာ လာရောက်ပြသကုသမှုခံယူသူ များပြားကြောင်း သိရသည်။

 

“ထိုင်းနိုင်ငံပီရာဗိတ်ဆေးရုံကြီးက အရိုးအကြောဆရာဝန်ကြီး ပါမို့နဲ့အစာအိမ်အူလမ်းကြောင်းဆိုင်ရာ ဆရာဝန်ကြီးပီရာချိုင်းတို့က အရိုးအကြောနဲ့ အစာအိမ်လမ်းကြောင်းဝေဒနာရှင်တွေကို အခမဲ့စမ်းသပ် ဆေးကုသပေးတာဖြစ်ပါတယ်။ မိတ္ထီလာ၊ မလှိုင်၊ ဝမ်းတွင်း၊ သာစည်၊ ပျော်ဘွယ်၊ ရမည်းသင်း၊ မြင်းခြံ၊ တောင်သာ၊ ညောင်ဦး၊ ကျောက်ဆည်၊ ရန်ကုန် စတဲ့ အနယ်နယ်အရပ်ရပ်က ရောဂါဝေဒနာရှင်တွေ လာရောက်ပြသပြီး ကုသမှုခံယူကြတာမို့ လာရောက်ပြသ ကုသမှုခံယူသူတွေများပြားပါတယ်။ ရောဂါဝေဒနာ နုတဲ့သေးတဲ့သူတွေက ဒီမှာပြသပြီးကုသမှုပြီးစီးပေမယ့် ရောဂါဝေဒနာကြီးမားလို့ လိုအပ်ရင် လူနာရှင်က ထိုင်းနိုင်ငံပီရာဗိတ်ဆေးရုံကြီးကို ဆက်လက်ပြသဖို့ဆန္ဒရှိတယ်ဆိုရင်လည်း သီးသန့်လာရောက်ပြသမယ့် သူတွေထက် ဆေးကုသစရိတ်သက်သာဖို့ ဆောင်ရွက်ပေးမယ့် အစီအစဉ်လည်းရှိပါတယ်။ လာရောက်ကုသပေးတဲ့ ဆရာဝန်တွေနဲ့ ပုဂံညောင်ဦးဘက်မှာ သူတို့ဘုရားဖူးလာတဲ့အခိုက် ဆုံမိကြလို့ အခုလို အခမဲ့ရောဂါကုသပေးတာမျိုးလုပ်ပေးနိုင်ရင် ဖိတ်ခေါ်ပါတယ်လို့ ဘုန်းကြီးကမိန့်ခဲ့တာကြောင့် အခုလိုလာရောက်ဆေးကုသပေးတာဖြစ်ပါတယ်”ဟု မိတ္ထီလာမြို့ အလိုတော်ပြည့်ကျောင်းတိုက်ဦးစီး ပဓနနာယကဆရာတော် ဘဒ္ဒန္တပညာသာရ (နယ်လှည့်ဓမ္မကထိက၊ ကမ္မဋ္ဌာနစရိယ) က မိန့်ကြားသည်။

 

အဆိုပါ အရိုးအကြောနှင့် အစာအိမ်အူလမ်းကြောင်းဆိုင်ရာ လူနာများအား အခမဲ့ စမ်းသပ်ကုသပေးခြင်းကို ဇန်နဝါရီ ၂၁ ရက်နေ့တွင် ညနေ ၄ နာရီမှ ည ၇ နာရီအထိလည်းကောင်း၊ ဇန်နနဝါရီ ၂၂ ရက်နေ့တွင် နံနက် ၈ နာရီမှ ညနေ ၅ နာရီအထိ လည်းကောင်း၊ ဇန်နဝါရီ ၂၃ ရက်နေ့တွင် နံနက် ၈ နာရီမှ မွန်းတည့်၁၂ နာရီအထိလည်းကောင်း ထိုင်းနိုင်ငံမှ ဆရာဝန်နှစ်ဦးက စမ်းသပ်ကုသပေးခြင်းဖြစ်ကြောင်း သိရသည်။

 

ချမ်းသာ (မိတ္ထီလာ)