တာချီလိတ် ၁၇ မေ

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား အမှတ်(၂)မှတစ်ဆင့် ထိုင်းနိုင်ငံမှ လွှဲပြောင်းပေးသော ပြစ်ဒဏ်စေ့ မြန်မာနိုင်ငံသားများကို မြန်မာတာဝန်ရှိသူများက လက်ခံခဲ့ကြရာ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံထားရသူများကို တွေ့ရှိခဲ့ကြောင်း သိရသည်။

 

အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံရပြီး လွှဲပြောင်းပေးလာသော မြန်မာနိုင်ငံသား စုစုပေါင်း ၁၀၁ ဦးကို ထိုင်းတာဝန်ရှိပုဂ္ဂိုလ်များနှင့် မြန်မာ-ထိုင်း ဆက်ဆံရေးအရာရှိ ခရိုင်ရုံးမှ ဦးထွန်းတို့က မေ ၁၇ ရက် နံနက် ၉ နာရီက လွှဲပြောင်းပေးလာရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့် တာဝန်ရှိသူများက လက်ခံခဲ့ကြသည်။

 

ပြစ်ဒဏ်မှ လွတ်မြောက်လာသူများကို တပ်မတော်ဆေးတပ်ဖွဲ့နှင့် ကျန်းမာရေးဝန်ထမ်းများမှ ကျန်းမာရေးစစ်ဆေးခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်းနှင့် RDT (Test kit) ဖြင့် ကိုဗစ်-၁၉ ပိုး ရှိ/မရှိ စစ်ဆေးခဲ့ကြရာ ယခုကဲ့သို့ ကိုဗစ်ရောဂါ လက္ခဏာပြသူ ၄ ဦးကို တွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။ ကိုဗစ်ရောဂါလက္ခဏာပြသူ ၄ ဦးကို ပြည်သူ့ဆေးရုံဟောင်းတွင် ထားရှိမည်ဖြစ်ပြီး အတူပြန်လာသူများကို မိုးကုတ်ရိပ်သာ Quarantine Center ၌ ၁၄ ရက်ထားရှိပြီး စောင့်ကြည့်သွားမည်ဖြစ်သည်။

 

လွှဲပြောင်းပေးလာသော အမျိုးသမီးများကို မြန်မာနိုင်ငံကြက်ခြေနီအသင်း မိသားစုပြန်လည်ဆက်သွယ်ပေးရေးဌာနမှ ပစ္စည်း ၁၁ မျိုးပါ အမျိုးသမီးအသုံးအဆောင်ပစ္စည်းများကို တာဝန်ရှိသူများမှ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

 

ယာဆေး(ပြန်/ဆက်)