မြဝတီ နိုဝင်ဘာ ၁၃
ထိုင်းနိုင်ငံ၊ လူမှုဖွံ့ဖြိုးတိုးတက်ရေးနှင့် လူသားလုံခြုံရေးဝန်ကြီးဌာန လက်အောက်ရှိ Chiang Rai တွင် လက်ခံ စောင့်ရှောက်ထားသူများအနက် မြန်မာနိုင်ငံသား မှန်ကန်ကြောင်း စိစစ်အတည်ပြုချက်ရရှိပြီး လူကုန်ကူးခံရသူ အမျိုးသားသုံးဦးတို့အား မဲဆောက်မြို့၊ တပ်(ခ်)ခရိုင် လူဝင်မှုကြီးကြပ်ရေးဌာန အစည်းအဝေးခန်းမတွင် နိုဝင်ဘာ ၁၃ ရက် နံနက်ပိုင်းက ကရင်ပြည်နယ်၊ မြဝတီမြို့ ပြန်လည်ထူထောင်ရေးဦးစီးဌာန ယာယီလက်ခံ စောင့်ရှောက်ရေး ဂေဟာသို့ လွှဲပြောင်းပေးအပ်သည်။
ထို့သို့ လွှဲပြောင်းပေးအပ်ရာတွင် ထိုင်းနိုင်ငံ၊ လူမှုဖွံ့ဖြိုးတိုးတက်ရေးနှင့် လူသားလုံခြုံရေးဝန်ကြီးဌာနမှ Miss. Jiraporn Khumput ဦးဆောင်သော အဖွဲ့ဝင်များက မြန်မာနိုင်ငံသား အမျိုးသား သုံးဦးအား မြဝတီခရိုင် ပြန်လည်ထူထောင်ရေး ဦးစီးဌာန (ယာယီလက်ခံစောင့်ရှောက်ရေးဂေဟာ)မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်နွယ်နွယ်ရီ၊ အမှတ်(၁) လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စိတ် (မြဝတီ)မှ ဒုတိယရဲမှူးသက်ဇော်ထွန်း၊ လူဝင်မှုကြီးကြပ်ရေး ဒုတိယဌာနခွဲ (မြဝတီ)မှ လဝကမှူး ဦးရာဇာသက်တို့က လွှဲပြောင်းပေးအပ်မှုကို လက်ခံဆောင်ရွက်သည်။
အဆိုပါ လွှဲပြောင်းလက်ခံထားသည့် အမျိုးသား သုံးဦးအား ဌာနဆိုင်ရာတာဝန်ရှိသူများက နွေးထွေးစွာ ကြိုဆိုအားပေးစကား ပြောကြားပေးပြီး ယာယီလက်ခံစောင့်ရှောက်ရေးဂေဟာတွင် ခေတ္တစောင့်ရှောက်ထားရှိကာ ၎င်းတို့၏ နေရပ်အသီးသီးသို့ ပြန်လည်ပို့ဆောင်ပေးမည်ဖြစ်ကြောင်း သိရသည်။
ဇာဖြူဝင်း(မြဝတီ)


