မြဝတီ ၂ မေ

 

ထိုင်းနိုင်ငံမှ မြန်မာရွှေ့ပြောင်းလုပ်သားများအား မြန်မာနိုင်ငံမှ မေ ၁ ရက်မှစပြီး လက်ခံခဲ့ရာ ဒုတိယနေ့အဖြစ် ယနေ့မွန်းလွဲ ၁ နာရီခန့်မှစပြီး ရွှေ့ပြောင်းလုပ်သား ၃၀ ပြန်လည်ဝင်ရောက်လာသည်။

 

“ယခင်ထက်တိုးပြီး လုပ်ထားတာက BCF ဇုန်ရဲ့ အပြင်ဘက်မှာ လူ ၇၀၀ နေရာယူနိုင်အောင် အမှတ်အသားလေးတွေ လုပ်ထားပါတယ်၊ အဲ့ဒီမှာနေရာယူမဲ့သူတွေ နှာခေါင်းစည်း မပါရင် ပေးမယ်၊  နောက်တစ်ခုက လက်ဆေးဖို့ ဘေစင်တွေ လုပ်ထားပေးပါတယ်၊ အဓိကကတော့ သတ်မှတ်ထားတဲ့ ၆ ပေခြားဖို့နဲ့ နှာခေါင်းစည်းတပ်ဖို့ လက်ဆေးဖို့ ဖြစ်ပါတယ်”ဟု မြဝတီခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်က ပြောသည်။

 

ပြန်လည်ဝင်ရောက်လာသူများအား ကျန်းမာရေးစစ်ဆေးမှုနှင့် အခြားသောလိုအပ်ချက်များကို ဆောင်ရွက်နိုင်ရန်အတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့ လူမူရေးဝန်ကြီး ဦးဘိုဘိုဝေမောင်၊ ကရင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်အောင်၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး သက်လင်းဦး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးဇော်ကိုကိုနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

“အခုပြည်တော်ပြန်တွေထဲမှာ ပြည်နယ်နဲ့တိုင်းက အားလုံးပါတယ်၊ ကျွန်တော်ဆိုလည်း ဧရာဝတီတိုင်းသားပါပဲ၊ အားလုံးက ကိုယ့်နိုင်ငံသားတွေပါပဲ၊ ကိုယ့်ညီအစ်ကို မောင်နှမ ကိုယ့်အမျိုးတွေလို သဘောထားပြီး ကြိုဆိုနေပါတယ်” ဟု စေတနာ့ဝန်ထမ်း လာရောက်ဆောင်ရွက်သူ ကိုစအိုင်ခန့်က ပြောသည်။

 

အဆိုပါ ပြန်လည်ဝင်ရောက်လာသူများမှာ ကယားပြည်နယ် ၃ ဦး၊ ကရင်ပြည်နယ် ၁၃ ဦး၊ မွန်ပြည်နယ် ၂ ဦး၊ ပဲခူးတိုင်းဒေသကြီး ၂၆ ဦး၊ မကွေးတိုင်းဒေသကြီး ၅၊ မန္တလေး ၁ ဦး၊ ရန်ကုန် ၁ ဦး၊ ဧရာဝတီ ၃ ဦး စုစုပေါင်း ၅၄ ဦးရှိကြောင်း သိရသည်။

 

ထိန်လင်းအောင်(ပြန်/ဆက်)