မြဝတီ အောက်တိုဘာ ၁

 

ထိုင်းနိုင်ငံတွင် ရောက်ရှိနေပြီး နေရပ်ပြန်လိုသည့် မြန်မာနိုင်ငံသားများအား မြဝတီမြို့၊ မြန်မာ-ထိုင်း အမှတ်(၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့်  ပြန်လည်ကြိုဆို လက်ခံခြင်းကို သြဂုတ် ၁ ရက်မှ စတင်ဆောင်ရွက်ပေးလျက်ရှိရာ  စက်တင်ဘာ ၃၀ ရက်တွင် ၃၀၃ ဦး ဆက်လက်ဝင်ရောက်ခဲ့ကြောင်း သိရသည်။

 

နေရပ်ပြန် မြန်မာနိုင်ငံသားများအား ပြန်လည်ကြိုဆို လက်ခံရာတွင် ယခင်က တစ်နေ့လျှင် ၂၀၀ ကို တစ်ရက်ခြား လက်ခံပေးလျက်ရှိရာမှ ယခုအခါ စက်တင်ဘာ ၂၆ ရက်မှ စတင်ပြီး တစ်နေ့လျှင် ၅၀၀ ထိ တစ်ရက်ခြား ပြန်လည်ကြိုဆို လက်ခံပေးလျက်ရှိသည်။

 

အဆိုပါ ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများအား မြဝတီခရိုင် ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်ချမ်းငြိမ်းနှင့် တာဝန်ရှိသူများက ကြိုဆိုအားပေးကြပြီး သက်ဆိုင်ရာ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါဆိုင်ရာများအား အသိပညာပေးခြင်း၊ ပြန်လည်ဝင်ရောက်လာသူများ၏ အချက်အလက်များ ကောက်ယူခြင်း၊ မြဝတီမြို့ရှိ  သက်ဆိုင်ရာ အသွားအလာ ကန့်သတ်စောင့်ကြည့်ရေး စခန်းများသို့ ပို့ဆောင်ပြီး ကျန်းမာရေးဌာနမှ ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးဆောင်ရွက်ပေးခြင်းနှင့် သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်များသို့ ပြန်လည်ပို့ဆောင်ပေးခြင်းများကို ဆောင်ရွက်ပေးသည်။

 

mdn

 

“ကျွန်တော်တို့ ပြည်တော်ပြန် လက်ခံတာနဲ့ပတ်သက်လို့  ၂၀၂၀ သုံးလပိုင်းကစပြီး ချစ်ကြည်ရေးတံတား အမှတ် (၁) ကို ယာယီပိတ်ပြီး တံတား အမှတ်-၂ ကနေ လက်ခံခဲ့တာပေါ့၊ နောက်ပိုင်း တစ်ဖက် ထိုင်းနိုင်ငံမှာရော ကိုဗစ် ဖြစ်ပွားမှု များလာလို့ ၂၀၂၁ ခုနှစ် ၈ လပိုင်း ၁ ရက်နေ့က စပြီး တစ်ရက်ခြား ၂၀၀ နဲ့ ပြင်ဆင်လက်ခံခဲ့တာပေါ့၊ အခုကတော့ တစ်ဖက် ထိုင်းနိုင်ငံမှာလည်း ကိုဗစ် ဖြစ်ပွားမှု လျော့နည်းလာတယ်၊ ကျွန်တော်တို့ နိုင်ငံမှာလည်း ကိုဗစ်ဖြစ်ပွားမှု နည်းလာတာရယ် တစ်ဖက်နိုင်ငံမှာ ရောက်နေတဲ့ ကျွန်တော်တို့ နိုင်ငံသားတွေ ဒုက္ခရောက်ကြတာ တွေရယ်ကြောင့် အခုလို တစ်ရက်ခြား ၅၀၀ ထိ လပ်ခံပေးတာပါ”ဟု မြဝတီခရိုင် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ချမ်းငြိမ်းက ပြောသည်။

 

ယနေ့ ပြန်လည်ဝင်ရောက်လာသူများအနေဖြင့် တိုင်းဒေသကြီး၊ ပြည်နယ် အသီးသီးမှ အမျိုးသား ၁၈၇ ဦး၊ အမျိုးသမီး ၁၁၆ ဦး စုစုပေါင်း ၃၀၃  ဦးရှိကြောင်း သိရသည်။

 

ထိန်လင်းအောင်