ရန်ကုန် အောက်တိုဘာ ၂၁
ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံ၏ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှတဆင့် လှူဒါန်းသည့် ကလေးများတွင် ထိုးနှံနိုင်သည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Pfizer Vaccine (၁၀၀,၀၀၀) doses နှင့် ဆေးထိုး အပ်များသည် ယနေ့ နံနက်ပိုင်းတွင် လေယာဉ်ခရီးစဉ် TG-303 ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ရောက်ရှိရာ ကျန်းမာရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံရုံးမှ ကိုယ်စားလှယ်များသည် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကာကွယ်ဆေး များကို လွှဲပြောင်းလက်ခံကြသည်။
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နှီးနွယ်ဝန်ကြီးဌာနများ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ကိုဗစ်-၁၉ ကာကွယ်ဆေးများအား အခြေခံပညာကျောင်းသား/သူများကို ထိုးနှံပေးခဲ့ရာ အကြိမ်ပြည့် ထိုးနှံပြီးစီးမှု (၉၄ ဒသမ ၃၅) ရာခိုင်နှုန်းရှိပြီး ကျောင်းပြင်ပကလေးများကို အကြိမ်ပြည့် ထိုးနှံပြီးစီးမှု (၇ ဒသမ ၈၉) ရာခိုင်နှုန်းရှိပြီဖြစ်သည်။ ယခုထိုင်းနိုင်ငံမှ လှူဒါန်းသည့် ကလေးများတွင် ထိုးနှံနိုင်သည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Pfizer Vaccine များအား အသက် (၅) နှစ်မှ (၁၁) နှစ်အတွင်းရှိ ကာကွယ်ဆေး မထိုးနှံရသေးသော အခြေခံပညာ ကျောင်းသား/သူများနှင့် ကျောင်းပြင်ပ ကလေးများကို ထိုးနှံပေး နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
(သတင်းစဉ်)