မြဝတီ ၁၃ ဇွန်
ထိုင်းနိုင်ငံမှ မြန်မာရွှေ့ပြောင်းလုပ်သား ၇၇၅ ဦးသည် ယနေ့တွင် မြဝတီ အမှတ်(၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် ပြန်လည်ဝင်ရောက်လာကြောင်း သိရသည်။
ထိုသို့ ပြန်လည်ဝင်ရောက်လာသူများအနက် ၁၉၈ ဦးသည် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ မော်ချစ်ကားဂိတ်မှ ကား ၁၀ စီးဖြင့် နှစ်နိုင်ငံအစိုးရ၏ ညှိနှိုင်းမှု ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး၏ အစီအစဉ်ဖြင့်လည်းကောင်း၊ ၅၇၇ ဦးသည် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး၏ ခွင့်ပြုချက်ရယူကာ ထိုင်းနိုင်ငံ ဒေသအသီးသီးမှ ၎င်းတို့၏ အစီအစဉ်ဖြင့်လည်းကောင်း ပြန်လည်ဝင်ရောက်လာသူများဖြစ်သည်။
ပြန်လည်ဝင်ရောက်လာသူများအား ကျန်းမာရေးစစ်ဆေးမှုနှင့် အခြားသော လိုအပ်ချက်များကို ဆောင်ရွက်နိုင်ရန်အတွက် ကရင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်အောင်၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ချမ်းငြိမ်း၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး သက်လင်းဦး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးဇော်ကိုကိုနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပြန်လည်ဝင်ရောက်လာသူများ အနေဖြင့် မေ ၁ ရက်မှ ယနေ့အထိ စုစုပေါင်း ၂၆၉၀၂ ဦးထိ ပြန်လည်ဝင်ရောက်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ထိန်လင်းအောင်(ပြန်/ဆက်)


