မယ်စဲ့ ၁၀ မေ
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်၊ နမ့်မန်းစစ်ဆေးရေးဂိတ်တွင် ထိုင်းနိုင်ငံမှ နေရပ်ပြန် မြန်မာအလုပ်သမား ၇ ဦးကို မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမျိုးထွန်းနှင့် ကော်မတီဝင်များ၊ ကျန်းမာရေးမှူး ဦးကျော်ခိုင်နှင့် ကျန်းမာရေး ဝန်ထမ်းများက မေ ၉ ရက်က သွားရောက်ကြိုဆို လက်ခံခဲ့ကြသည်။
ယင်းသို့ကြိုဆိုရာတွင် နမ့်မန်းစစ်ဆေးရေးဂိတ်၌ နေရပ်ပြန်များအား ကျန်းမာရေးဝန်ထမ်းများက ကိုယ်အပူချိန်တိုင်းတာခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် မြို့နယ် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှ နေရပ်လိပ်စာနှင့် လူဦးရေစာရင်း ကောက်ယူခြင်းတို့ကို စိစစ်ဆောင်ရွက်ပြီး အသွားအလာ ကန့်သတ် စောင့်ကြည့်မည့် အထက (မယ်စဲ့)သို့ မြို့နယ် ကျန်းမာရေးဦးစီးဌာန မော်တော်ယာဉ်ဖြင့် ပို့ဆောင်ပေးခဲ့သည်။
အဆိုပါနေရပ်ပြန်များသည် ထိုင်းနိုင်ငံ၊ လမ်းဖုန်းခရိုင်၊ ချင်းမိုင်မြို့နယ်၊ ဆန်ပတိန်းကျေးရွာတွင် တရုတ်ကြို့သီးခွာခြင်းလုပ်ငန်း သွားရောက်လုပ်ကိုင်ကြသူများဖြစ်ပြီး တစ်ဖက်နိုင်ငံ၏ ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားနေသည့် အခြေအနေကြောင့် မိမိတို့နေရပ်သို့ ပြန်လာရခြင်းဖြစ်ကြောင်း နေရပ်ပြန်တစ်ဦးက ပြောကြားသည်။
ထိုင်းနိုင်ငံမှ နေရပ်ပြန်လာသူ အမျိုးသား ၄ ဦး၊ အမျိုးသမီး ၃ ဦး၊ စုစုပေါင်း ၇ ဦးအား မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက နေထိုင်စားသောက်ရေး စီစဉ်ပေးပြီး စေတနာ့ဝန်ထမ်းအဖွဲ့များက လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးကာ ၂၁ ရက်ကြာ စောင့်ကြည့်သွားမည်ဖြစ်ကြောင်း သိရသည်။
ဝတ်ရည်(ပြန်/ဆက်)


