ပဲခူး ၂၆ မတ်
ပဲခူးမြို့နယ် တပ်ကလေးကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ မတ်လ(၂၅)ရက် နံနက်(၁၀)နာရီက ထိုင်းနိုင်ငံမှ နေရပ်ပြန်ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုကော်မတီဝင်များ ဌာနဆိုင်ရာများနှင့် ပဲခူးမြို့ပရဟိတအသင်းအဖွဲ့များက ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါနေရပ်ပြန်ပြည်သူများသည် မတ်လ ၂၅ ရက်နေ့ နံနက် ၁၀ နာရီက ပဲခူးမြို့နယ်အတွင်းသို့ ရောက်ရှိကြပြီး ၂ ယောက်တစ်ဖွဲ့၊ ၃ ယောက်တစ်ဖွဲ့ ခေါ်ယူကာ အပူချိန်တိုင်းတာ၍ လူနာ၏ အခြေအနေပေါ်မူတည်ပြီး အခန်း ၁၊ ၂၊ ၃ ဟူ၍ ခွဲခြားထားကြောင်း၊ သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးများအား အကြောင်းကြားထားကာ လာရောက်ခေါ်ဆောင်ရန်နှင့် မလာရောက်သေးသူများအား (၁၄) ရက်ထားကာ စောင့်ရှောက်ပေးသွားမည်ဖြစ်ကြောင်း၊ ပြည်သူတစ်ယောက်မှ အများမကူးစက်စေရန်၊ လက်ဆေးနည်းဖြင့် စနစ်တကျဆေးကြောရန် လိုအပ်ကြောင်း၊ ပြည်သူများအား လက်ဆေးခြင်းဖြင့် ကိုရိုနာဗိုင်းရပ်စ်အား ကာကွယ်ရန်အဓိက အရေးကြီးကြောင်း ဘုရားကြီးတိုက်နယ်ကျန်းမာရေးမှူး ဦးကျော်ကျော်ဦးက ပြောကြားသည်။
ထို့နောက် ပဲခူးမြို့ ပရဟိတအဖွဲ့ဝင် ဦးကျော်မျိုးဦးက "ယခုကဲ့သို့ ကျန်းမာရေးစိစစ်ခြင်းမှာ မိမိ၏ မိသားစုနှင့် ပတ်ဝန်းကျင်တွင် ကျန်းမာရေးအသိပညာပေးခြင်းများ စနစ်တကျသိရှိလိုက်နာကျင့်သုံးစေရန်နှင့် ကျန်းမာရေးဦးစီးဌာနမှ စီစဉ်ညွှန်ကြားသော လက်ဆေးနည်းလမ်းများကို လိုက်နာဆောင်ရွက်ကြစေရန်" ပြောကြားသည်။
အဆိုပါ ထိုင်းနိုင်ငံမှ ပြန်ရောက်လာသူများမှာ (၄၀)ဦး ဖြစ်ပြီး ပဲခူးမြို့မှ(၈)ဦးရှိကြောင်းသိရသည်။
ဟိန်းထက်(ပဲခူး)