မြဝတီ ၂၃ မတ်
မြန်မာ-ထိုင်းနယ်စပ် ချစ်ကြည်ရေးတံတား(၂)မှတစ်ဆင့် ထိုင်းနိုင်ငံမှ ပြန်လာသော မြန်မာရွှေ့ပြောင်းအလုပ် သမားများကို ကရင်ပြည်နယ်အစိုးအဖွဲ့ အစီအစဉ်ဖြင့် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်အရောက် ကားများဖြင့် (အခမဲ့)ပို့ဆောင်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ကရင်ပြည်နယ်အစိုးအဖွဲ့ လူမှုရေးဝန်ကြီး ဦးစောဘိုဘိုဝေမောင်၊ ကရင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်အောင်၊ မြဝတီခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်၊ မြို့နယ်အုပ် ချုပ်ရေးမှူး ဦးဖြိုးဇော်ကိုကို၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ကျော်သူရည်တို့နှင့်အတူ သက်ဆိုင်ရာဌာနများမှ စီစဉ်ဆောင်ရွက် ပေးလျှက် ရှိသည်။
အလားတူ ပြန်လည်ဝင်ရောက်လာသူများအား ကိုရိုနာဗိုင်းရပ်ကူး စက်မြန်ရောဂါ(Covid 19) ကာကွယ်/တားဆီးနိုင် ရေးတို့အတွက် နေပြည်တော်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ရောဂါနှိမ်နင်းရေး ညွှန်ကြားရေးမှူး ဒေါက်တာ စည်သူ အောင်နှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြဝတီ၊ ဘားအံ၊ ကော့ကရိတ်မြို့ရှိ ကျန်းမာရေး ဝန်ထမ်းများ၊ မိတ်ဖက် အဖွဲ့အစည်း များနှင့် အင်အားဖြည့်ပေါင်းစပ်၍ ကြပ်ကြပ်မတ်မတ် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိန်လင်းအောင်(ပြန်/ဆက်)


