တာချီလိတ် စက်တင်ဘာ ၁၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့ မြန်မာ - ထိုင်း ချစ်ကြည်ရေးတံတား အမှတ် (၂) မှတစ်ဆင့် ထိုင်းနိုင်ငံမှ ပြန်ဝင်လာကြသည့် နေရပ်ပြန်ပြည်သူ ၁၆၀ အား ကိုဗစ်-၁၉ရောဂါပိုး ကင်းစင်သဖြင့် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ရောက်ရှိနိုင်ရေးအတွက် တာဝန်ရှိသူများက မော်တော်ယာဉ်များဖြင့် စက်တင်ဘာ ၁၀ ရက် ညနေပိုင်းက ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ နေရပ်ပြန်ပြည်သူများသည် စက်တင်ဘာ ၆ ရက်က ထိုင်းနိုင်ငံမှ လွှဲပြောင်းပေးသည့် နေရပ်ပြန် ပြည်သူ ၂၂၁ ဦးမှ ဖြစ်ပြီး ၎င်းတို့အား တာချီလိတ်ခရိုင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီမှ ကိုဗစ်-၁၉ ရောဂါ ပိုးရှိ/မရှိ RDT Rapid Test Kit ဖြင့် ပထမအကြိမ် စစ်ဆေးခဲ့ပြီး ဝမ်လုံးစင်တာတွင် အသွားအလာ ကန်သတ်စောင့်ကြည့်ထား၍ တတိယမြောက်နေ့တွင် နှာခေါင်းနှင့် အာခေါင်တို့ဖတ် ဓာတ်ခွဲနမူနာများရယူကာ တောင်ကြီးမြို့သို့ ပို့ဆောင်၍ ဒုတိယအကြိမ် စစ်ဆေးဆောင်ရွက်ခဲ့ရာ နေရပ်ပြည်ပြည်သူ ၆၁ ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါပိုး ကင်းစင်သူ ၁၆၀ အား တာချီလိတ်မြို့ရှိ ပြည်ပရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများ စိစစ်လက်ခံရေးနှင့် နေရပ်ပြန်လည်ပို့ဆောင်ရေးကော်မတီ ဥက္ကဋ္ဌ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့် တာဝန်ရှိသူများက နေရပ်ပြန် ပြည်သူများကို အစားအသောက်များ ဝေငှပေးခြင်းနှင့် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးကာ သက်ဆိုင်ရာ နေရပ်အသီးသီးသို့ ရောက်ရှိနိုင်ရေးအတွက် မော်တော်ယာဉ်များ စီစဉ်ပေးပြီး အခမဲ့ ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။
ယာဆေး(ပြန်/ဆက်)


