ကော့သောင်း  ၂၀   မတ်  

ထိုင်းနိုင်ငံတွင် အကြောင်းအမျိုးမျိုးကြောင့် ထိုင်းနိုင်ငံဥပဒေများအရ အရေးယူခံရပြီး  မြန်မာနိုင်ငံ ကော့သောင်းမြို့သို့ ယမန်နေ့ ညနေပိုင်းက လာရောက်လွဲပြောင်းပေးသည့် မြန်မာရွှေ့ပြောင်း အလုပ်သမား အမျိုးသား ၆၈ ဦး၊ အမျိုးသမီး ၃၃ ဦး စုစုပေါင်း အလုပ်သမား ၁၀၁ ဦးကို မြို့မဆိပ်ကမ်းဗောတံတားတွင် မြို့နယ် ကျန်းမာရေးဌာနဝန်ထမ်းများက ကိုရိုနာဗိုင်းရပ်စ် (အဆုတ်ရောင်) ရောဂါ သံသယရှိသူများနှင့် ကူးစက်ခံရသူများ ပါဝင်လာခြင်းရှိစေရေး စစ်ဆေးပြီး ပြန်လည်လက်ခံခဲ့ကြောင်း သိရသည်။

ကမ္ဘာ့သတင်းမီဒီယာများနှင့် မြန်မာနိုင်ငံ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ နောက်ဆုံးသတင်းထုတ်ပြန်ချက်များအရ မြန်မာအိမ်နီးချင်း ထိုင်းနိုင်ငံအတွင်း၌ ရောဂါပိုးကူးစက်ခံရသူများနှင့် ရောဂါဖြစ်ပွားနေသူများကို စိုးရိမ်ဖွယ်ရာ တွေ့ရှိနေရသဖြင့် ထိုင်းနိုင်ငံမှ ပြန်လာသည့် အဆိုပါအလုပ်သမားများအား ပြည်သူ့ကျန်းမာရေးဌာနမှ ကိုရိုနာဗိုင်းရပ်စ် (အဆုတ်ရောင်)ရောဂါ သံသယရှိသူများပါဝင်လာခြင်း ရှိမရှိ သတိပြုစမ်းသပ်စစ်ဆေးပြီး ကော့သောင်းခရိုင်နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် တာဝန်ရှိအဖွဲ့အစည်းများက ပြန်လည်လက်ခံကာ ၎င်းတို့၏ နေရပ်ဒေသများသို့ လုံခြုံချောမွေ့စွာပြန်နိုင်ရန် ကူညီဆောင်ရွက်ပေးခဲ့ကြသည်။ 


ယင်းသို့ လာရောက်လွှဲပြောင်းပေးအပ်သည့် မြန်မာရွေ့ပြောင်းအလုပ်သမားများတွင် ကိုရိုနာဗိုင်းရပ်စ် (အဆုတ်ရောင်) ရောဂါ ကူးစက်ခံရသည့်သံသယဖြစ်သူများ ပါဝင်လာခြင်းမရှိကြောင်းလည်း သိရသည်။

ကျော်စိုး(ကော့သောင်း)