ထားဝယ်  ၁၇  မေ

 

ထိုင်းနိုင်ငံတွင် အကြောင်းအမျိုးမျိုးဖြင့် ပြစ်ဒဏ်ကျခံရပြီးနောက် ပြစ်ဒဏ်ကာလ ကုန်ဆုံးပြီးဖြစ်သော တိုင်းဒေသကြီး/ ပြည်နယ် အသီးသီးမှ နေရပ်ပြန်ပြည်သူ (၁၁၄)ဦးသည် မြိတ်မြို့နယ်မှတစ်ဆင့် မော်တော်ယာဉ် (၁၀)စီးဖြင့် တနင်္သာရီ တိုင်းဒေသကြီး၊ ထားဝယ်မြို့သို့ ယနေ့ ညနေပိုင်းက ရောက်ရှိခဲ့ကြောင်း သိရသည်။ 

 

ထို့နောက် ထားဝယ်မြို့၊ ရွှေဝယ်သီရိအားကစားကွင်း၌ နေရပ်ပြန်ပြည်သူ (၁၁၄)ဦးအား မြန်မာရွှေ့ပြောင်း အလုပ်သမားများ စိစစ်လက်ခံရေးနှင့် နေရပ်ပြန်လည်ပို့ဆောင်ရေး ကော်မတီအဖွဲ့ဝင်များက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကြေညာချက်များ၊ ဒေသအတွင်း ထုတ်ပြန်ထားသည့် ဒေသန္တရအမိန့်များ၊ ၀င်ရောက်လာသူများမှ လိုက်နာရမည့် အချက်များကို ရှင်းလင်းပြောကြားပြီး ကျန်းမာရေး စစ်ဆေးပေးခြင်းနှင့် ကိုယ်အပူချိန် တိုင်းတာပေးခြင်းများ ဆောင်ရွက်ပေးခဲ့သည်။ 

 

ဆက်လက်၍ တာဝန်ရှိသူများက ထားဝယ်ခရိုင်မှ နေရပ်ပြန်ပြည်သူ (၁၃)ဦးအား သက်ဆိုင်ရာ မြို့နယ်ရှိ Quarantine (၂၁)ရက် ထားရှိမည့် မြို့နယ်များသို့ ပို့ဆောင်ပေးခဲ့ပြီး ကျန်ရှိသော တိုင်းဒေသကြီး/ပြည်နယ် အသီးသီးမှ နေရပ်ပြန် ပြည်သူ (၁၀၁)ဦးကို ရွှေဝယ်သီရိ အားကစားကွင်းအတွင်း သတ်မှတ်ထားသော Quarantine ထားရှိမည့် နေရာများတွင် ညအိပ်ထားရှိခဲ့သည်။

 

ယင်းနောက် တိုင်းဒေသကြီး/ပြည်နယ် အသီးသီးမှ နေရပ်ပြန်ပြည်သူ (၁၀၁)ဦးအား မေ ၁၈  ရက်နေ့ နံနက်ပိုင်းတွင် ရွှေဝယ်သီရိ အားကစားကွင်းမှ မော်တော်ယာဉ်(၁၀)စီးဖြင့် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်များရှိ Quarantine ထားရှိမည့် နေရာများသို့ အုပ်ချုပ်ရေးမှူးများမှတစ်ဆင့် ပို့ဆောင်ပေးသွားမည်ကြောင်း သိရသည်။

 

(ထားဝယ် ခရိုင်ပြန်/ဆက်)