မင်္ဂလာဒုံ ၂၄ မတ်
မင်္ဂလာဒုံမြို့နယ် အောင်မင်္ဂလာအဝေးပြေးကားဝင်းသို့ ရောက်ရှိလာသည့် ထိုင်းနိုင်ငံမှ ပြန်လည် ဝင်ရောက်လာသူ ကျား ၃၃၁ ဦး၊ မ ၁၁၄ ဦး စုစုပေါင်း ၄၄၅ ဦးအား ကိုရိုနာဗိုင်းရပ် (COVID-19)နှင့် ပတ်သက်၍ စစ်ဆေးခြင်းကို မတ် ၂၃ ရက် ည ၇ နာရီမှ ယနေ့ နံနက် ၃ နာရီခွဲအထိ စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသူများသည် ကရင်ပြည်နယ် မြဝတီမြို့ အမှတ်(၂) ချစ်ကြည်ရေးတံတားမှ တစ်ဆင့် ဝင်ရောက်လာခြင်းဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် အောင်မင်္ဂလာ အဝေးပြေးကားဝင်းသို့ မတ် ၂၃ ရက်နေ့ ည ၇ နာရီမှ မတ် ၂၄ ရက် နံနက် ၃ နာရီခွဲအထိ ညွှန်ကြားချက်ဖြင့် ဆိုက်ရောက်လာသည့် မော်တော်ယာဉ် စုစုပေါင်း ၁၄ စီးပေါ်မှ ကျား ၃၃၁ ဦး၊ မ ၁၁၄ ဦး စုစုပေါင်း ၄၄၅ ဦးအား မြို့နယ်အဆင့် လုပ်ငန်းကော်မတီမှ ဦးဆောင်၍ အင်အား ၅၄ ဦးပါဝင်သော ပူးပေါင်းအဖွဲ့က ကိုရိုနာဗိုင်းရပ်စ် ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ စစ်ဆေး ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။
ထို့သို့စစ်ဆေးရာတွင် ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွားရောက်မည့်နေရာများ၊ ကိုယ်ရေးရာဇဝင်များ စိစစ်ခြင်း၊ ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အသွားအလာကန့်သတ်ခြင်း (Quarantine) ဆိုင်ရာ စည်းမျဉ်း၊ စည်းကမ်းများလိုက်နာရေး ရှင်းလင်းပြောကြားခြင်းများ ဆောင်ရွက် ခဲ့ပြီး ကျန်းမာရေးစစ်ဆေးခဲ့သည့် ခရီးသည်များအနေဖြင့် ထူးခြားမှုတစ်စုံတစ်ရာ မရှိကြောင်း သိရသည်။
မြတ်သူဇာ(ပြန်/ဆက်)


