ဗန်ကောက် ၃ ဧပြီ

ထိုင်းနိုင်ငံ မြောက်ဘက်ပိုင်းရှိ ပြည်နယ်အချို့တွင် လေထုညစ်ညမ်းမှု အခြေအနေမှာ ဆိုးရွားနေသည့်အတွက် ယင်းပြည်နယ်များအတွင်းရှိနေထိုင်သည့် ပြည်သူများအနေဖြင့် လေထုညစ်ညမ်းမှု အခြေအနေအတွင်း ပြင်းထန်စွာ ရုန်းကန်နေရကာ လေထုညစ်ညမ်းမှု အခြေအနေ မှာ စံချိန်တင်မြင့်တက်နေကြောင်း အင်န်အိတ်ချ်ကေသတင်းတွင် ဖော်ပြသည်။

လေထုအတွင်း၌ အမှုန်အမွှားများ ပါဝင်မှုအဆင့်မှာ ပီအမ် ၂ ဒသမ ၅ ထက်အဆ ၂၀ ကျော် မြင့်တက်နေ ကြောင်း၊ ယင်းမှာ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ (ဒဗလျူအိတ်ချ်အို) ၏ သတ်မှတ်ချက်ထက် ကျော်လွန်နေကြောင်း သတင်းတွင် ဖော်ပြသည်။

ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာသည် ဧပြီ ၂ ရက်တွင်ချင်းမိုင်သို့ လာရောက်ခဲ့ပြီး လေထုညစ်ညမ်းမှုအခြေအနေနှင့် တွေ့ကြုံနေမှုအား ထောက်ပံ့မှုများ ပြုလုပ်ခဲ့သည်။ ထိုင်းဝန်ကြီးချုပ်သည် ယင်းဒေသတွင်း၌ လေထုညစ်ညမ်းမှုကို တိုက်ဖျက်နေသည့် ဒေသဆိုင်ရာ တပ်ဖွဲ့ဝင်များနှင့် မီးသတ်သမားများကို အထောက်အပံ့ပစ္စည်းများ ပေးအပ်ခဲ့သည်။

ယင်းဒေသတွင်း၌ ဖြစ်ပေါ်နေသည့်လေထုညစ်ညမ်းမှုများအတွက် ထိုင်းဘုရင် မဟာဗာဂျီရာလောင်ကွန်းက စိုးရိမ်မှုများရှိနေကြောင်း ပြောကြားခဲ့ပြီး ယင်းဒေသတွင်းရှိ ပြည်သူများအား  ပြောင်းရွှေ့ပေးရေးအတွက်ဒေသဆိုင်ရာ တာဝန်ရှိသူများကို လိုအပ်သည့်အထောက်အပံ့ ပေးအပ်မည်ဟု ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံ မြောက်ပိုင်းဒေသရှိပြည်နယ်များ၌ လေထုညစ်ညမ်းမှုများသည် မတ်လအတွင်း၌ စတင်ဖြစ်ပွားခဲ့ပြီး ယင်းဖြစ်ရပ်အတွက် ဒေသဆိုင်ရာအာဏာပိုင်များက တောင်ယာ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်နိုင်ရေးအတွက် တောမီးများရှို့ခဲ့သည့် လယ်သမားများကို ပြစ်တင်ပြောကြားခဲ့သည်။ ထိုင်းနိုင်ငံ ပိုင်နက်နယ်မြေနှင့် ထိစပ်နေသည့် အိမ်နီးချင်းနိုင်ငံ နယ်စပ်ဒေသအနီးရှိ လယ်သမားများက တောင်ယာ စိုက်ပျိုးရေးအတွက် တောမီးများ ရှို့ခဲ့ကြသည်။

လေထုအတွင်း အမှုန်အမွှားများ ပါဝင်မှု ပီအမ်-၂၅ အဆင့်ရှိမှုသည် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွားစေနိုင်သည့် အမြင့်ဆုံး အဆင့်ဖြစ်သည်။ ဒေသဆိုင်ရာ တာဝန်ရှိသူများက လေထုညစ်ညမ်းမှုအဆင့် လျော့ကျ စေရေးအတွက် လေထုအတွင်း ရေဖျန်းပက်သည့်စနစ်များကို အသုံး ပြု၍ ကြိုးပမ်းလျက်ရှိသည်။ ယင်းကဲ့သို့သော နည်းလမ်းကိုယခုနှစ် ဇန်နဝါရီလအတွင်းက ထိုင်းနိုင်ငံ မြို့တော်ဗန်ကောက်၌ လေထုညစ်ညမ်းမှုလျှော့ချရာတွင် အသုံးပြုခဲ့ဖူးသည်။

အင်န်အိတ်ချ်ကေ