မြိတ် ၉ ဇွန်
ထိုင်းနိုင်ငံ ရနောင်းနယ်စပ်မှ ကော့သောင်းမြို့သို့ ရောက်ရှိလာသော နေရပ်ပြန် ရွေ့ပြောင်းလုပ်သား(၁၂၁) ဦးသည် ကော့သောင်းမြို့မှ မြိတ်မြို့သို့ ယနေ့ နံနက် ၈ နာရီခန့်က မော်တော်ယာဉ်(၁၂)စီးဖြင့် ရောက်ရှိ လာကြရာ ၄င်းတို့အား ခရိုင်/မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီမှ နွေးထွေး စွာ ကြိုဆိုခဲ့ကြကာ နည်းပညာတက္ကသိုလ်(မြိတ်)နှင့် မြိတ်တက္ကသိုလ်တို့တွင် Community Based Facility Quarantine ထားရှိခဲ့ကြသည်။
နေရပ်ပြန်များမှ မြိတ်ခရိုင်အတွင်း နေထိုင်သူ(၁၁)ဦးအား မြိတ်တက္ကသိုလ် ပုလဲရာဇာအဆောင်တွင် Quarantine ထားရှိကာ တခြားသော တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ နေရပ်ပြန်(၁၁၀) ကို နည်းပညာ တက္ကသိုလ်(မြိတ်) ပင်လယ်ပြာအဆောင်တွင် Quarantine ထားရှိ၍ ၄င်းတို့အား အသွားအလာ ကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုကာ ကျန်းမာရေးစောင့်ရှောက်မှု ပေးလျက်ရှိသည်။
“ နေရပ်ပြန်များကို လက်ရှိ Quarantine စခန်းများမှာပဲ အသွားအလာ ကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုကာ ကျန်းမာရေးစောင့်ရှောက်မှု ပေးသွားမှာဖြစ်ပြီး ၄င်းတို့အားလုံးကို ကျန်းမာရေးဌာနမှ ဓာတ်ခွဲနမူနာရယူ၍ ဓာတ်ခွဲနမူနာတွေကို ကိုဗစ်-၁၉ ရောဂါပိုးရှိမရှိ စစ်ဆေးမှာဖြစ်ပါတယ်” ဟု မြို့နယ် ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီဉက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းသူအောင် က ပြောသည်။
နေရပ်ပြန် ရွေ့ပြောင်းလုပ်သားများ မြိတ်မြို့သို့ရောက်ရှိရာတွင် အမျိုးသားလွတ်တော်ကိုယ်စားလှယ် ဉီးဉက္ကာမင်း၊ ခရိုင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုန့်ပြန်ရေးကော်မတီဉက္ကဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ဦးနှင့် ခရိုင်/မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင် ဌာနဆိုင်ရာ တာဝန်ရှိသူများမှ ကြိုဆိုခဲ့ကြကာ Quarantine များတွင် စနစ်တကျနေရာချထား ဆောင်ရွက်ခဲ့ကြသည်။
နေရပ်ပြန်များအတွက် မြိတ်ဒေသ ကိုဗစ်-၁၉ ကာကွယ် ထိန်ချုပ် ကုသရေး အထောက်အကူပြုကော်မတီမှ အလှူငွေ(၅)သိန်းကျပ်ကို အမျိုးသားလွတ်တော်ကိုယ်စားလှယ် ဉီးဉက္ကာမင်း နှင့် ဦးတင်အောင်ဝင်း+ ဒေါက်တာ လွင်လွင်မွန် (ဝိုင်းဆေးခန်း)မှ အလှူငွေ(၅)သိန်းကျပ်ကို လှူဒါန်းခဲ့ကြရာ Quarantine စခန်းတာဝန်ခံ ဦးတိုးလွင် က လက်ခံရယူခဲ့သည်။
မြိတ်မြို့တွင် Quarantine စခန်းများ၌ နေရပ်ပြန် စုစုပေါင်း ၂၉၀ အား အသွားအလာ ကန့်သတ်၍ စောင့်ကြပ် ကြည့်ရှုကာ ကျန်းမာရေးစောင့်ရှောက်မှု ပေးလျက်ရှိကြောင်း မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ် ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ မှ သိရသည်။
ခိုင်ထူး ( မြိတ် ပြန်/ဆက် )