ဗန်ကောက် ဧပြီ ၁၃
ထိုင်းနိုင်ငံ၌ ဆွန်ခရန် နှစ်သစ်ကူးရေကစားပွဲတော်အတွင်း ယမန်နေ့က ယာဉ်မတော်တဆမှု ၃၀၁ ကြိမ်ဖြစ်ပွားခဲ့ပြီး အဆိုပါ ယာဉ်မတော်တဆမှု များအတွင်း ၄၇ ဦးသေဆုံးကာ ၂၉၂ ဦးဒဏ်ရာရရှိ ခဲ့ကြောင်း သိရသည်။
အရက်သောက်သုံး၍ ယာဉ်မောင်းနှင်ခြင်းနှင့် အရှိန်မြှင့်တင် မောင်းနှင်ခြင်းများမှတစ်ဆင့် ယာဉ်မတော်တဆမှု အများဆုံး ဖြစ်ပွားခဲ့ကြောင်း ထိုင်းပြည်ထဲရေးဝန်ကြီးဌာန ဒုတိယအမြဲတမ်း အတွင်းဝန် နီရတ်ပွန်စီသီသာဗွန်က ယနေ့ ပြောကြားသည်။
အဆိုပါ ယာဉ်မတော်တဆမှုများအနက် အရှိန်မြှင့်တင် မောင်းနှင်ခြင်းများကြောင့် ယာဉ်တိုက်မှု ၃၆ ဒသမ ၈၈ ရာခိုင်နှုန်းရှိပြီး အရက်သောက်သုံး၍ ယာဉ်မောင်းနှင်ခြင်းမှ ဖြစ်ပွားသည့် ယာဉ်မတော် တဆမှုမှာ ၂၅ ဒသမ ၂၅ ရာခိုင်နှုန်း ရှိကြောင်း အစိုးရ၏ ထုတ်ပြန်ချက်အရ သိရသည်။
နိုင်ငံအတွင်းရှိ ခွန်ခရန်နှင့် နခုန်စီသာမတ်ဒေသများတွင် ယာဉ်တိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိမှု ၁၂ မှုစီရှိကာ ယာဉ်မောင်း ၂၀၇၃၁ ဦးအား ယာဉ်မောင်းလိုင်စင်မရှိဘဲ မောင်းနှင်ခြင်းအတွက် အရေးယူ ဆောင်ရွက်ခဲ့ပြီး ဆိုင်ကယ် မောင်းသူ ၂၀၁၃၆ ဦးအား ဆိုင်ကယ်စီးဦးထုပ် မဆောင်းသည့်အတွက် အရေးယူဆောင်ရွက်ခဲ့ရကြောင်း သိရသည်။ နိုင်ငံတစ်ဝန်း ယာဉ်စစ်ဆေးရေးစခန်း ၁၉၀၂ ခုထားရှိပြီး ယာဉ်စည်းကမ်း ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကိုးကား-ဗန်ကောက်ပို့စ်၊
ဘာသာပြန်-စိုးသူရ