ဗန်ကောက်   ဧပြီ   ၉

ထိုင်းနိုင်ငံ၌   ယခုနှစ် ဆုန်ခရန် ရေသဘင်ပွဲတော်ကို “River of Life,Thai Way of Life ” ခေါင်းစဉ်ဖြင့် ကျင်းပနိုင်ရန်အတွက် ထိုင်းခရီးသွားလုပ်ငန်း အာဏာပိုင်အဖွဲ့က  စီစဉ်ဆောင်ရွက်နေသည်။  ထိုင်းနိုင်ငံ  ဆုန်ခရန်ပွဲတော်ကို နိုင်ငံတကာမျက်နှာစာတွင်  မြှင့်တင်ရေးဆောင်ရွက်ခြင်းဖြစ်သည်။

ဆုန်ခရန်ပွဲတော်ကျင်းပခဲ့သည်မှာ ၁၁ ကြိမ် ရှိခဲ့ပြီဖြစ်ကြောင်းနှင့် ရိုးရာယဉ်ကျေးမှုဓလေ့ထုံးစံများနှင့်အညီ နိုင်ငံတစ်ဝန်းတွင် ကျင်းပမည်ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။ 

ဆုန်ခရန်ပွဲတော်ကျင်းပရေးနှင့်ပတ်သက်သည့် အစီအစဉ်များကို ထိုင်းခရီးသွားလုပ်ငန်း အာဏာပိုင်အဖွဲ့နှင့် တာဝန်ရှိသူများက  မကြာသေးမီအချိန်အတွင်း ကြေညာခဲ့သည်။ ဆုန်ခရန်ပွဲတော်သည် နိုင်ငံ၏ ခရီးသွားလုပ်ငန်းနှင့် ယဉ်ကျေးမှုကဏ္ဍကို မြှင့်တင်ရေးအတွက် ရည်ရွယ်ကျင်းပခြင်း ဖြစ်သည်။

ယင်းပွဲတော်မှတစ်ဆင့် နိုင်ငံ၏ယဉ်ကျေးမှုနှင့် ဓလေ့ထုံးစံများကို ပြည်ပခရီးသွားများအား ဆွဲဆောင်ပြသမည်ဖြစ်ပြီး  ဗန်ကောက်၊ ချင်းမိုင်၊ လန်ပန်၊ ဖူးခက်၊ ဥဒုန်ဌာနီနှင့် ခုန်ခရန်တို့တွင် ကျင်းပမည်ဖြစ်သည်။ အဆိုပါပွဲတော်တွင် ရိုးရာယဉ်ကျေးမှု အခမ်းအနားများ၊ ဈေးရောင်းခြင်းနှင့် ကုသိုလ် ကောင်းမှုများဆောင်ရွက်ခြင်းတို့ ပါဝင်မည်ဖြစ်သည်။ ဆုန်ခရန်ပွဲတော်ကို ဧပြီ ၁၁ ရက်မှ ၁၅ ရက်အတွင်း နိုင်ငံအနှံ့အပြားတွင် ရိုးရာယဉ်ကျေးမှုအခမ်းအနားများဖြင့် ကျင်းပမည်ဖြစ်ကာ နိုင်ငံတကာခရီးသွားများအား ဆွဲဆောင်မည်ဖြစ်သည်။   

ကိုးကား - ဆင်ဟွာ

ဘာသာပြန်- စိုးသူရ