ဘန်ကောက် အောက်တိုဘာ ၁၃

 

ပြီးခဲ့သည့် သီတင်းပတ်အတွင်း ကလေးသူငယ်ပြုစုစောင့်ရှောက်ရေးဂေဟာ၌ ကြောက်မက်ဖွယ် ပစ်ခတ်သတ်ဖြတ်မှုကြီးအပြီးတွင် လက်နက်နှင့် မူးယစ်ဆေး ထိန်းချုပ်မှုများကို ထိုင်းအစိုးရက လုပ်ဆောင်သွားရန် စီစဉ်လျက်ရှိသည်ဟု သိရသည်။

 

ပြီးခဲ့သည့် သီတင်းပတ် ကြာသပတေးနေ့က ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်းရှိ ကလေး သူငယ်စောင့်ရှောက်ရေး ဂေဟာတွင် ရဲအရာရှိဟောင်းတစ်ဦးက သေနတ်ဖြင့် ပစ်ခတ်ခြင်းနှင့် ဓားဖြင့် တိုက်ခိုက်မှုများ ကျူးလွန်ခဲ့သည်။ ၎င်း၏ လက်ချက်ဖြင့် ကလေး ၂၄ ဦးအပါဝင် လူပေါင်း ၃၆ ဦး သေဆုံးခဲ့ရသည်။ ယင်းသို့ ကျူးလွန်ခဲ့သူမှာ မူးယစ်ဆေး လက်ဝယ်ထားရှိမှု မှတ်တမ်းရှိသူလည်း ဖြစ်သည်။ ၎င်းအသုံးပြုခဲ့သည့် သေနတ်ကလည်း တရားဝင် ဝယ်ယူခဲ့ခြင်းဖြစ်ပြီး ၎င်း၏ ယခင် လုပ်ငန်းခွင်မှ ယူဆောင်လာခြင်း မဟုတ်ဟု ရဲများက ပြောသည်။

 

လက်နက်နှင့် မူးယစ်ဆေးဝါးထိန်းချုပ်မှု ပြုလုပ်ရန်အတွက် ထိုင်းနိုင်ငံဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာသည် အောက်တိုဘာ ၁၂ ရက်တွင် ဝန်ကြီးအဆင့် အစည်းအဝေးပြုလုပ်ခဲ့သည်။ လက်နက် ကိုင်ဆောင်ခွင့် လိုင်စင်လျှောက် ထားသူသည် စိတ်ပိုင်းဆိုင်ရာ စစ်ဆေးမှုကို ပြုလုပ်ရန်လိုအပ် ကြောင်းနှင့် နှစ်စဉ်သုံးနှစ်မှ ငါးနှစ်တစ်ကြိမ် စိတ်ပိုင်းဆိုင်ရာအကဲဖြတ်မှုကို လုပ်ဆောင်သွားရန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ မူးယစ်ဆေး မှောင်ခိုသမားများကိုလည်း ပြင်းထန်သည့် အပြစ်ပေးမှုများ ပြုလုပ်သွားရန် သဘောတူခဲ့ကြသည်။

 

အင်န်အိတ်ချ်ကေ